မြန်မာ့အရေးဆွေးနွေးပွဲ အာဆီယံ ဘုံသဘောတူညီချက်အတွက် အထောက်အကူဖြစ်နိုင်

RFA Burmese
2024.12.02
မြန်မာ့အရေးဆွေးနွေးပွဲ အာဆီယံ ဘုံသဘောတူညီချက်အတွက် အထောက်အကူဖြစ်နိုင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေးအား တွေ့ရစဥ်။
AFP

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အခုလပြုလုပ်သွားဖို့ရှိနေတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲဟာ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အတွက် အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ လာအိုအစိုးရ အရာရှိတစ်ဦးကပြောကြောင်း ဘန်ကောက်ပို့စ်က ဒီဇင်ဘာ ၂ ရက် ဒီနေ့သတင်းမှာ ဖော်ပြပါတယ်။

လာအိုနိုင်ငံမှာ လတ်တလော ကျင်းပနေတဲ့ (၈) ကြိမ်မြောက် အာဆီယံ သတင်းမီဒီယာဖိုရမ်အတွင်း မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မေးမြန်းတာကို လာအိုနိုင်ငံရဲ့ အာဆီယံဌာန ညွှန်ကြားရေးမှူးချုပ် ချက်တူလွန် ဘွာစီဆာဗစ် (Chatoulong Bouasisavath) က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ယခင်၊ လက်ရှိနဲ့ နောက်လာမဲ့ အာဆီယံဥက္ကဋ္ဌတို့ ပါဝင်မှာဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်က ဘုံသဘောတူချက်တွေ အကောင်အထည်ဖော်မှုကို ဆက်လက်ဆောင်ရွက်စေဖို့ဖြစ်တယ်လို့ ချက်တူလွန်က ပြောပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာပါဝင်ချင်တဲ့ တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း အလွတ်သဘော ဆွေးနွေးပွဲမှာ ပါဝင်ဖို့ တံခါးဖွင့်ထားတယ်လို့ ဆိုပါတယ်။

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကို ဘန်ကောက်မှာ လာမဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရဖို့ သက်ဆိုင်သူတွေ ဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်က ဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ သက်ဆိုင်သူတွေ တွေ့ဆုံဖို့ စတဲ့အချက်တွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။