မူးယစ်ဆေး ဒေါ်လာသန်း ၁၀၀၀ ဖိုး မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံမှာ မီးရှို့

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ ဖမ်းဆီးရမိခဲ့တဲ့ အမေရိကန် ဒေါ်လာ ၂၄၅ သန်းဖိုးနီးပါးရှိ မူးယစ်ဆေးဝါး ပစ္စည်းတွေကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ် တဲ့မနေ့က ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ တို့မှာ သက်ဆိုင်ရာက နိုင်ငံခြား သံတမန်တွေ မီဒီယာသမားတွေ ကို ဖိတ်ခေါ်ပြသပြီး မီးရှှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးများအနက် ဘိန်း၊ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးအမျိုးမျိုးကို မီးရှှို့ဖျက် ဆီးပြီး တချို့မူးယစ်ဆေးများကို လမ်းကြိတ်စက် တွေနဲ့ နင်းချေဖျက်ဆီးခဲ့ကြပါတယ်။

အလားတူပဲ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံမှာလဲ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၆၀၀ လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးမျိုးစုံ ၁၀-တန်နီးပါးကို ထိုင်း ရဲတပ်ဖွဲ့က မီးရှှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီထဲမှာ methamphetamine စိတ်ကြွဆေးပြား ၆၆ သန်းနဲ့ ဘိန်းဖြူ ကီလို ၄၀၀ ကျော် ပါရှိပြီး အရင်နှစ်က ထက် နှစ်ဆများတယ်လို့လဲ သိရပါတယ်။