ထိုင်းအစိုးရက တရားမဝင်အလုပ်သမားတွေကို လက်မှတ်ထုတ်ပေးမည်

ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ဘတ်ကတ်လို့ ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်အသစ် လုပ်ပေးဖို့ ထိုင်းအစိုးရဝန်ကြီးများအဖွဲ့က ဇူလိုင်လ ၅ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

ပန်းရောင်ဘတ်ကတ် လုပ်ဖို့ အလုပ်ရှင်က အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနကို လုပ်သားအမည်စာရင်း တင်သွင်းပြီး ရက်ပေါင်း ၆ဝ အတွင်း အလုပ်လုပ်ကိုင်ခွင့် (Work Permit) လျှောက်ထားရမှာ ဖြစ်သလို အမည်စာရင်းတင်သွင်းဖို့ ဘတ် ၁ဝဝ ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်လျှောက်ထားဖို့ ဘတ်ငွေ ၉ဝဝ၊ စုစုပေါင်း ဘတ် တစ်ထောင် ကုန်ကျမယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရသူက ပြောဆိုပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက မကြာခင်ရက်ပိုင်းမှာ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန နှစ်ခုကနေ အမိန့်စာ ကြေညာလိမ့်မယ်လို့ ပြောပါတယ်။

“ပန်းရောင်ကတ် လုပ်လုပ်ချင်းမှာလည်း ငွေကုန်ကြေးကျ သိပ်မတောင်းထားဘူး။ လျှောက်လွှာခ ၁ဝဝ နဲ့ Work Permit အတွက်က ၉ဝဝ ဘတ် ၁ဝဝဝ ဘတ်ပဲ။ မိမိရဲ့ သက်ဆိုင်ရာအလုပ်ရှင်ကနေ အလုပ်သမားဌာနကို ဖောင်လည်းဖြည့် ငွေ ၁ဝဝဝ လည်းပေးခဲ့ပေါ့။ ထိုင်းနိုင်ငံမှာ ရောက်နှင့် ရှိနေပြီးသားတွေထဲကနေ အထောက်အထားမဲ့ ဖြစ်နေတဲ့ နိုင်ငံသား ... မြန်မာနဲ့အပါအဝင် လေးမျိုးပေါ့။ အဲဒါတွေ ထိုင်းအစိုးရက ကုန်သွယ်စီးပွားရေးအတွက် ကိုဗစ်ကာလအလွန်မှာ စီးပွားရေးအရှိန်မြှင့်နိုင်ဖို့ ရည်ရွယ်ပြီးလုပ်ပေးတာ”

တရားဝင်အလုပ်လုပ်ခွင့် အထောက်အထား ရပြီဆိုရင် မတရားဖမ်းဆီးခံရတာတွေ မရှိတော့ဘဲ အလုပ်သမားအခွင့်အရေးတွေကို ထိုင်းဥပဒေအတိုင်း စာရွက်စာတမ်းနဲ့ ပြနိုင်မှာ ဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ဒီပန်းရောက်ကတ်အသစ်ဟာ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ သက်တမ်းရှိမှာ ဖြစ်ပြီး နောက်ထပ်သက်တမ်းတိုးကို လာမဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ သက်တမ်းတိုး နေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်အရေးပေါ်ကာလမှာ လုပ်သားလိုအပ်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း ထိုင်းအစိုးရကနေ မြန်မာ အပါအဝင် လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို နှစ်နှစ်သက်တမ်းရှိ ယာယီနေထိုင်ခွင့် ပန်းရောင်ဘတ်ကတ်ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုတစ်ကြိမ် ထပ်မံပြုလုပ်ပေးတာ ဖြစ်ပါတယ်။

အခုလို လက်မှတ်အသစ်တွေ လုပ်ပေးလာတဲ့အတွက် နယ်စပ်ကနေ တရားမဝင် ခိုးဝင်မှုတွေ ပိုပြီးရှိလာနိုင်တယ်လို့ ဦးမိုးကြိုးက သုံးသပ်ပါတယ်။

ဒီအတောအတွင်း ထိုင်း-မလေးရှားနယ်စပ် ဆုံခလာခရိုင် ဟတ်ယိုင်မြို့နယ်ထဲမှာ တရားမဝင် ခိုးဝင်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၁ ဦးကို ဇူလိုင်လ ၅ ရက်က ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အခု ဇူလိုင်လဆန်းပိုင်းမှာ တရားမဝင် ခိုးဝင်လာလို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့သူ ၁ဝဝ ကျော် ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ထိုင်းနိုင်ငံကို တရားမဝင် ခိုးဝင်သူ ၄ဝဝဝ ခန့် ရှိခဲ့ပါတယ်။