ရေပူဂိတ်မှာ ရှားပါးလိပ်တွေ ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် ရေပူစစ်ဆေးရေးစခန်းမှာ တရုတ်နိုင်ငံကိုပို့မယ်လို့ ယူဆရတဲ့ ခရီးသည် တင်ကားပေါ်က ဖမ်းဆီးရမိခဲ့တဲ့ လိပ်ကောင်ရေ ၉၀ ကျော်ထဲမှာ နှစ်ချို့လိပ်တွေနဲ့ မျိုးသုန်းလုနီးပါး ဖြစ်နေတဲ့ ရှားပါးလိပ်တွေ ပါဝင်ပါတယ်။

ဖမ်းဆီးမိတဲ့ လိပ်တွေထဲက ရခိုင်တောင်လိပ်နဲ့ လိပ်ပုတီးတွေဟာ မြန်မာနိုင်ငံမှာပဲရှိတဲ့ လိပ်မျိုးစိတ်တွေဖြစ်သလို တခြားလိပ်ဝါတွေကလည်း နှစ်ပေါင်းသုံးဆယ် သက်တမ်းလောက်ရှိတဲ့ နှစ်ချို့လိပ်တွေဖြစ်တယ်လို့ မြန်မာနိုင်ငံ လိပ်မျိုး ဆက်ရှင်သန်ရေးအဖွဲ့က ဒါရိုက်တာ ဒေါ်ကလျာက ပြောပါတယ်။

"၁၈ ရက်နေ့ကလေ မနက် ၁ဝ နာရီလောက်မှာ ရေပူဂိတ်မှာဖမ်းမိတာ၊ ခရီးသည်တင်ကားပေါ်မှာ ပါလာတာပါ၊ အားလုံးပေါင်း လိပ်က ၉၅ ကောင်၊ ၉၅ ကောင်မှာ ၁ ကောင် အသေရှိတယ်၊ ၉၄ ကောင်က အရှင်၊ အခု လိပ်စခန်းကိုရောက်လို့လေ၊ လိပ်စခန်းမှာ အခု ဆေးထိုး၊ ကျွေးမွေးပြုစုစောင့်ရှောက်တွေလုပ်နေတယ်၊ လိပ်ဝါက ၇၉ ကောင်၊ ရခိုင်တောင်လိပ်ဆိုတာ အဲဒါက ၁ ကောင်၊ လိပ်ပုတ်က ၆ ကောင်၊ လိပ်ပုတီးက ၈ ကောင်၊ အဲဒီထဲမှာ လိပ်ပုတီးရယ်၊ နောက်ပြီးတော့ ရခိုင်တောင်လိပ်ရယ် ၂ မျိုးဟာဆို မြန်မာပြည်မှာပဲရှိတယ် တခြားဘယ်နေရာမှာမှ မရှိဘူးလေ"

သိန္နီမြို့နယ် ရေပူစစ်ဆေးရေးစခန်းမှာ ဇူလိုင်လ ၁၈ ရက်နေ့က လိပ်အကောင်ရေ စုစုပေါင်း ၉၅ ကောင်ကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး လိပ်ဝါက ၇၉ကောင်၊ ရခိုင်တောင်လိပ်က ၁ ကောင်၊ လိပ်ပုတ်က ၆ ကောင်၊ လိပ်ပုတီးက ၈ ကောင်ပါတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက နှစ်ချို့ လိပ်တွေနဲ့မျိုးသုန်းလုနီးပါဖြစ်နေတဲ့ လိပ်တွေပါဝင်နေတဲ့အတွက် အသက်ရှင်သန်နိုင်ရေး အတွက် နောင်ချို လိပ်ဆေးကုသရေးစခန်းမှာ ဆေးဝါးကုသပေးနေရတယ်လို ဒေါ်ကလျာက ပြောပါတယ်။

အဲဒီ လိပ်တွေထဲက ၁ ကောင်ကတော့ ဖမ်းမိတဲ့ရက်မှာပဲ သေဆုံးသွားခဲ့ပြီး တခြားလိပ်တွေကိုတော့ သူတို့တွေ နေထိုင်တဲ့ သဘာဝတောတွေထဲကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးရမိတာဟာ ဒီနှစ်ထဲမှာ ပထမဦးဆုံးဖြစ်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလကလည်း တာချီလိတ်မြို့နယ်မှာ မျိုးသုန်းလုနီပါးဖြစ်နေတဲ့ လိပ်ကြက်တူရွေးအကောင်ရေ ရာနဲ့ချီပြီး ဖမ်းဆီးမိခဲ့ပါတယ်။

လိပ်တွေကို ဖမ်းဆီးသတ်ဖြတ်မူတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ပတ်သက်ပြီး လုံးဝကာကွယ်ထားတဲ့ လိပ်မျိုးစိတ်ဆိုရင် ထောင်ဒဏ်ခုနှစ်နှစ်နဲ့ ဒဏ်ငွေကျပ်ငါးသောင်းအထိ ပြစ်ဒဏ်ကျခံရနိုင်သလို သာမန်လိပ်မျိုး စိတ်တွေဆိုရင်တော့ ထောင်ဒဏ်ငါးနှစ်နဲ့ ဒဏ်ငွေသုံးသောင်းအထိ ပြစ်ဒဏ်ကျခံရနိုင်ကြောင်း ဥပဒေ မှာ ပြဌာန်းထားပါတယ်။