Myanmar Veneer စက်ရုံအလုပ်သမား သပိတ်စစ်ကြောင်း ခေါင်းဆောင်တွေဟာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနဲ့ မနေ့က ညှိနှိုင်းဆွေးနွေးမှုအရ လာမယ့် မေလ ၁၁ ရက်နေ့အထိ သပိတ်ကို ရပ်နားထားမှာဖြစ်ပြီး တောင်းဆိုမှုတွေမရရင် နေပြည်တော်ကို ဆက်လက်ချီတက်ဆန္ဒပြဖို့ ဆုံးဖြတ်ထားပါတယ်။
လာမယ့် မေလ ၁၁ ရက်နေ့မှာ အစိုးရနဲ့ အလုပ်ရှင်ဖက်က အကြောင်းပြန်ပေးမှာဖြစ်တဲ့အတွက် ကြားကာလမှာ သပိတ်ကို ရပ်နားထားမှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်း က ပြော ပါတယ်။
"ကျနော်တို့အနေနဲ့ ဒီကလူကြီးတွေရဲ့ မေတ္တာရပ်ခံချက်ကြောင့်ရယ်၊ ဒီကလွှတ်တော်အမတ်တွေ ကလည်း ဝိုင်းဝန်းပြီးတော့ မေတ္တာရပ်ခံသည်အတွက်ကြောင့် ကျနော်တို့ဟာ ဆွေးနွေးကမ်းလှမ်းမှုကို လက်ခံတယ်၊ ဗုဒ္ဓဟူးနေ့ကို ကျနော်တို့စောင့်မယ်၊ ဗုဒ္ဓဟူးနေ့မှာ ကျနော်တို့လိုချင်တဲ့ အဖြေရလဒ် တိကျတဲ့အဖြေမဟုတ်ဘူး ဆိုရင်တော့ ကျနော်တို့ရဲ့တောင်းဆိုချက်အတိုင်းပဲ၊ ကျနော်တို့ရဲ့ ရည်မှန်းချက်အတိုင်းပဲ ရှေ့ဆက်ပြီးတော့ ချီတက်မှာပါခင်ဗျ"
အလုပ်ထုတ်ခံရတဲ့ အလုပ်သမား တစ်ရာကျော်ထဲက ၆ဝ ကို Myanmar Veneer စက်ရုံမှာ အလုပ်ပြန်ခန့်ပေးဖို့၊ ကျန်တဲ့ အလုပ်သမားတွေကို စစ်ကိုင်းစက်မှုဇုန်ထဲက တခြားစက်ရုံတွေမှာ အလုပ်ရရှိရေး ဆောင်ရွက်ပေးဖို့၊ အလုပ်ထုတ်ခံထားရတဲ့ ကြားကာလအတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့၊ ဆန္ဒပြမှုတွေကြောင့် တရားစွဲဆိုခံထားရတာတွေကို ကင်းလွတ် ခွင့်ပေးဖို့တို့ကို မနေ့က သွားရောက်ညှိနှိုင်းခဲ့တဲ့ အလုပ်သမားသပိတ်ခေါင်းဆောင်တွေက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေဟာ မနေ့က မနက်ပိုင်းမှာ Myanmar Veneer စက်ရုံတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် အလုပ်သမားခေါင်းဆောင်တွေနဲ့ ဆက်လက်ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၂၉ ရက်နေ့က စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်လာတဲ့ စက်ရုံအလုပ်သမား တစ်ရာကျော်ဟာ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တံတားဦးဘုန်းကြီးကျောင်းမှာ သပိတ်ကို ရပ်နားထားတာဖြစ်ပါတယ်။
စစ်ကိုင်းမြို့က Myanmar Veneer သစ်ပါးလွှာအလုပ်သမားတွေရဲ့သပိတ်နဲ့ပတ်သက်လို့ နေပြည်တော်မှာ မနေ့က အလုပ်သမားဌာနပြည်ထောင်စု ဝန်ကြီးနဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်း အရာတွေ၊ သပိတ်နောက်ခံအဖြစ်တွေနဲ့ ပတ်သက်ပြီး အဲဒီစက်ရုံရဲ့ အလုပ်သမား သမဂ္ဂဥက္ကဌ ကိုခိုင်မင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
