ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်ကောင်စီ တိုက်ခိုက်နေကြောင်း Myanmar Witness ထုတ်ပြန်
2024.01.24
၂၀၂၃ မတ်လ ၂၁ ရက်နေ့ကနေ ဩဂုတ်လ ၁၄ ရက်နေ့အထိ ငါးလနီးပါးအတွင်း ချင်းပြည်နယ်က ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်ကောင်စီက လေကြောင်းကနေ ခုနစ်ကြိမ် တိုက်ခိုက်ခဲ့တဲ့ အထောက်အထားတွေကို မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ အထောက်အထားတွေသုတေသနပြု စုဆောင်းနေတဲ့ Myanmar Witness က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
၂၀၂၃ ခုနှစ် မတ်လကနေ ဩဂုတ်လအတွင်း ချင်းပြည်နယ်က ခရစ်ယာန်ဘုရားကျောင်း ၁၀ ကျောင်း တိုက်ခိုက်ခံခဲ့ရပြီး အဲဒီထဲက ခုနစ်ခုဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လို့ Myanmar Witness က ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
အဲဒီထဲက ထိခိုက်ပျက်စီးမှုများခဲ့တဲ့ ထန်တလန်၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်တွေက ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ငါးခုကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အကြောင်း အချက်အလက်တွေနဲ့အတူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီအစီရင်ခံစာမှာ အထောက်အထားတွေကို မျက်မြင်သက်သေပြောပြချက်တွေအပြင် ဂြိုလ်တုမှတ်တမ်းဓာတ်ပုံတွေကတဆင့် လေ့လာတွေ့ရှိချက်တွေကိုလည်း မှတ်တမ်းပြုစုပြီး ဖော်ပြထားတာဖြစ်ပါတယ်။
ဘုရားကျောင်းတွေ တိုက်ခိုက်ခံရတာဟာ မြန်မာလေတပ်၊ မြန်မာစစ်တပ်တို့မှာ အဓိကတာဝန်ရှိတယ်လို့ Myanmar Witness က အချက်အလက်တွေနဲ့ ထောက်ပြထားပါတယ်။ ဒါ့အပြင် ချင်းပြည်ကာကွယ်ရေးတပ် (CDF)၊ ချင်းအမျိုးသားတပ်မတော် (CNF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့လည်း ဒီတိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြောထားပေမဲ့ ဘယ်လိုပါဝင်ပတ်သက်တယ်ဆိုတာကိုတော့ တိတိကျကျထည့်သွင်းမထားပါဘူး။
၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးတာနဲ့ မီးရှို့ဖျက်ဆီးခံရတာတွေ များခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးတာများတယ်လို့ Myanmar Witness အစီရင်ခံစာမှာ ပါရှိပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း ဘုရားကျောင်း ၆၇ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ငါးကျောင်း အပါအဝင် ဘာသာရေးအဆောက်အအုံ ၁၀၇ ခု ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဘာသာရေးအဆောက်အအုံ ၇၆ ခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဇန်နဝါရီ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံအပါအဝင် ၁၂ နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ အထူးစိုးရိမ်ပူပန်ရတဲ့ Country of Particular Concern (CPC) နိုင်ငံတွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။