မလေးရောက် မြန်မာလုပ်သားတွေကို ဘဏ်ကနေ ငွေလွဲှဖို့ ဝန်ကြီးဌာန ညွှန်ကြား

မလေးရှားနိုင်ငံမှာ တရားဝင်သွားပြီး အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မိသားစုတွေထံ ငွေလွှဲတဲ့အခါ တရားဝင်ဘဏ်တွေကနေလွှဲကြဖို့ အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတွေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။

ပြည်ပကို စေလွှတ်မယ့် အလုပ်သမားတွေအနေနဲ့ မိသားစုလွှဲငွေတွေ နိုင်ငံတော်ကို တရားဝင် ပြန်စီးဆင်းအောင် ညွှန်ကြားထားတယ်လို့ ပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ဇောက ပြောပါတယ်။

"ကျနော်တို့ဆီက နောက်ပိုင်းစေလွှတ်တဲ့ အလုပ်သမားမှန်သမျှ တတ်နိုင်သမျှမိသားစုလွှဲငွေကို နိုင်ငံတော်ကို တရားဝင် ပြန်လည်စီးဆင်းဖို့ပေါ့နော်၊ အဲဒါကို တစ်တပ်တစ်အား ကျနော်တို့တွေပါဝင်ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်၊ နိုင်ငံတော်က ဖြစ်စေချင်တာကတော့ တရားဝင်သွားတဲ့အလုပ်သမားတွေအနေနဲ့ ကိုယ့်နိုင်ငံအတွင်း ဝင်ငွေကို တရားဝင်ပြန်ပြီး ဝင်ရောက်စေချင်တဲ့သဘော၊ ကိုယ့်ရဲ့လစာဝင်ငွေထဲက ကိုယ်တတ်နိုင်သလောက် တရားဝင်လမ်းကြောင်းထဲက စီးဆင်းစေချင်တဲ့အတွက် အဲဒီအပိုင်းကို ကျနော်တို့က ပံ့ပိုးကူညီပေးရမယ်ပေါ့နော်၊ တချို့အလုပ်သမားတွေကို အသိပညာပေးရမယ်ပေါ့နော်"

ငွေလွှဲပို့တာတွေကို တရားဝင်ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့အတွက် ဇွန်လ ၂၃ ရက်နေ့က အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတွေဟာ ပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တာဝန်ရှိသူတွေ၊ အေဂျင်စီတွေ၊ ပုဂ္ဂလိကဘဏ်တွေက တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ပါတယ်။

အလုပ်သမားတွေ အကျိုးရှိဖို့နဲ့ နိုင်ငံရဲ့ GDP တွက်တဲ့အခါမှာ အဆင်ပြေဖို့အတွက် အခုလို ဆောင်ရွက်ဖို့ ညွှန်ကြားရတာဖြစ်တယ်လို့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

လက်ရှိမှာ မလေးရှားရောက် မြန်မာအလုပ်သမားအများစုက ဟွန်ဒီ လိုမျိုး ငွေလွှဲလုပ်ငန်းတွေကနေ ပြန်ပေးပို့နေကြတာ ဖြစ်တဲ့အတွက် အာမခံချက်မရှိတာမျိုးတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရက ဘဏ်စာရင်းတွေ ပိတ်ပင်လိုက်တဲ့ အခါမျိုးတွေမှာ အဲလိုငွေလွှဲလုပ်ငန်းတွေကနေ ပေးပို့ကြသူတွေဟာ ချက်ချင်းထုတ်ယူမရကြတဲ့ အခက်အခဲမျိုးတွေ ရှိကြတယ်လို့လည်း ဦးကျော်ဇောက ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေအတွက် အချိန်မရွေးအသုံးပြုနိုင်တဲ့ Mobile Banking လိုမျိုး အသုံးပြုရင် ပိုအဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၄ သိန်းကနေ ၈ သိန်းကြား ရှိနိုင်တယ်လို့လည်း ခန့်မှန်းသိရပါတယ်။