တရားဝင်နယ်စပ်ဂိတ်တွေ ပိတ်သွားမှာ ထိုင်းရောက်မြန်မာတွေ စိုးရိမ်နေ

နန္ဒာချမ်း
2020-03-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ထိုင်းနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် တိုးလာနေပြီး၊ အရေးပေါ် အခြေအနေလည်း ထုတ်ပြန်ထားပါတယ်။ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာလည်း စိုးရိမ်စိတ်နဲ့ ပြန်နေကြတဲ့ မြန်မာအလုပ်သမား အရေအတွက် နေ့စဉ် ငါးထောင်လောက်ရှိနေတာပါ။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ထောင်နီးပါးနဲ့ သေဆုံးသူ အနည်းဆုံး လေးယောက် ရှိသွားပါပြီ။ Thai Airways International နဲ့ Bangkok Airways အပါအဝင် လေကြောင်းလိုင်း ကိုးခုကလည်း ဒီနေ့ကစလို့ ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ထိုင်းအစိုးရကလည်း မနက်ဖြန် ၂၆ ရက်ကနေ ဧပြီလကုန်အထိ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို RFA သတင်းထောက် ကိုအောင်မိုးမြင့်ကို ရှင်းပြပါတယ်။

“ခရိုင်တစ်ခုနဲ့ တစ်ခု အဝင်အထွက်တွေ အားလုံးပိတ်ပြီ။ ညမထွက်ရ အမိန့်ထုတ်ထားတယ်။ တင်းကြပ် ထားတယ်”

ထိုင်းနိုင်ငံမှာဆိုရင် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက အလုပ်သမား ငါးသန်းနီးပါးရှိပါတယ်။ အများစုက ဘန်ကောက်မှာ အလုပ်လုပ်ကြတာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်တိုက်တွေ၊ စီးပွားရေးလုပ်ငန်းတွေ တော် တော်များများ ပိတ်ထားတဲ့အတွက် နေရပ်ပြန်ကြတဲ့ အလုပ်သမားတွေ များလာပါတယ်။ အင်္ဂါနေ့ တရက်တည်း မှာတင် နေရပ်ပြန်တဲ့ အလုပ်သမား ခြောက်သောင်းလောက်ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

တာ့ခ်ခရိုင် မဲဆောက်မှာဆိုရင်လည်း နေ့စဉ် တရားဝင် အမှတ် ၂ ဂိတ်ကနေ နေရပ်ပြန်နေတဲ့ မြန်မာ အလုပ်သမား သုံးထောင်ကျော်ရှိတယ်လို့ - မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါ တယ်။ နယ်စပ်ဂိတ်တွေမှာ နေရပ်ပြန်ဖို့ နေ့စဉ်စောင့်နေကြတဲ့ အလုပ်သမားအရေအတွက် များလာနေတာကြောင့် မူလယာယီပိတ်ခဲ့တဲ့ ဒီဂိတ်ကို ပြန်ဖွင့်ခဲ့တာပါ။ တကယ်လို့ ဒီအမှတ် ၂ ဂိတ်သာ ပြန်ပိတ်မယ်ဆိုရင် ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုလို့ ဦးမိုးကြိုးက ပြောပါတယ်။

“တရားဝင်ဂိတ်ရှိနေတာတောင် နေ့တိုင်းတရားမဝင်ဂိတ်တွေကနေ ပြန်နေတဲ့သူတွေက အများကြီး၊ သောင်ရင်းမြစ်ရေကလည်း အခုက ဒူးခေါင်းလောက်ပဲရှိတာ”

မဲဆောက်-မြဝတီနယ်စပ်မှာ တရားမဝင်ဂိတ် ၃၂ ဂိတ်ရှိပြီး၊ လူတွေအသုံးတာက ၁၆ ဂိတ်နဲ့ ကုန်သယ်တာက ၁၆ ဂိတ်ရှိတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့နယ်စပ်မှာလည်း နေရပ်ပြန် အလုပ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ်။

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလမှာ နေရပ်ပြန်တဲ့ အလုပ်သမားတွေ ထိုင်းနိုင်ငံကို ပြန်ဝင်လို့ မရပါဘူး။ ထိုင်းနိုင်ငံမှာ တရားဝင် မြန်မာအလုပ်သမား တစ်သန်း နှစ်သိန်းနီးပါးရှိပါတယ်။ တရားမဝင် အရေအတွက်ပါ ပေါင်းမယ်ဆိုရင် သုံးသန်းကျော်မယ်လို့ အလုပ်သမားရေး ဆောင်ရွက်သူတွေက ခန့်မှန်း ထားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနကတော့ အရေးပေါ်ကြေညာထားတဲ့ကာလမှာ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ တရားဝင် အလုပ်သမားအားလုံးကို တနေ့ လုပ်အားခရရှိငွေရဲ့ ၅၀% ထောက်ပံ့ပေးမယ်လို့ ပြောဆိုထားကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။



ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့