တရုတ်က ပြန်လာတဲ့ အလုပ်သမားတချို့ လုပ်ငန်းခွင် ပြန်သွားဖို့ မျှော်လင့်

မအဲလိဇဘက်ဂျန်မာ
2020.05.23

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တရုတ်နိုင်ငံမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့သူ တစ်လနီးပါးအတွင်း တစ်သောင်း ခုနစ်ထောင်လောက်ရှိခဲ့ပါတယ်။ အဲဒီအလုပ်သမားတွေ ဝမ်းရေးကြောင့် တရုတ်မှာ အလုပ်ပြန်သွားလုပ်ခွင့်ရဖို့ တောင်းဆိုတာတွေရှိလာပါတယ်။

တရုတ်နိုင်ငံမှာသွားရောက် အလုပ်လုပ်ပြီး ကချင်ပြည်နယ် နယ်စပ်ဂိတ်ကနေ ပြန်လာခဲ့ကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အခုဆိုရင် လေးထောင်ကျော်ရှိပြီ ဖြစ်ပါတယ်။

သူတို့ဟာ အလုပ်တွေပြီးသွားလို့ ပြန်လာကြတာမဟုတ်ပဲ ကပ်ဘေးကာလ အတွင်း နယ်စပ်ဂိတ်တွေ ပိတ်လိုက်ရင် အိမ်မပြန်ရတော့မှာကို စိုးရိမ်တဲ့အတွက် ကန်ပိုင်တည်နဲ့ လွယ်ဂျယ် နယ်စပ်ဂိတ်တွေကနေ  ပြန်လာခဲ့ကြတာပါ။

သူတို့ဟာ တရုတ်နိုင်ငံ၊ ထိန်ချုံးခရိုင်နဲ့ လုံရွှမ်းခရိုင်မှာ ကြံစိုက်ပျိုးရေး၊ ဆေးရွက်ကြီးလုပ်ငန်းနဲ့ ကျပန်းလုပ်ပြီး ပြန်လာကြတာပါ။  လုပ်ခလစာအပြည့်အဝ မရသေးဘဲ ပြန်လာသူတချို့တောင်ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း သူတို့အတွက် ဝင်ငွေ အသင့်အတင့်ရတဲ့ အလုပ်အကိုင်ရရှိဖို့ ခက်ခဲနေပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အစိုးရက အိမ်ပြင်မထွက်ဖို့ ညွှန်ကြားထားသလို လုပ်ငန်းတော်တော်များများလည်း ရပ်ဆိုင်းထားတာပါ။

ဒီလိုအခြေအနေတွေကြောင့် တရုတ်နိုင်ငံကနေ ပြန်လာကြတဲ့ ရွေ့ပြောင်းအလုပ်သမားတွေအတွက် စားဝတ်နေရေး ခက်ခဲနေပါတယ်။

ထိန်ချုံးမှာ အလုပ်လုပ်ပြီးပြန်လာတဲ့ မောင်မြင့်မြတ်ကိုရဲ့ မိခင်ဖြစ်သူက အခက်အခဲတွေအကြောင်း ပြောပြပါတယ်။

တရုတ်နိုင်ငံက ပြန်လာသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဦးကျန်ယိန်းက သူလည်း  နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးဖို့လည်း မျှော်လင့်နေတယ်လို့ ပြောပါတယ်။

ပြည်နယ် လဝကဝန်ကြီး ဦးဇော်ဝင်းကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်လာမှပဲ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်ကနေ မြန်မာနိုင်ငံပြန်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမား အရေအတွက်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကနေ မေလ ၁၃ ရက်ထိ တစ်လအတွင်း တစ်သောင်း ခုနစ်ထောင် နီးပါး ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM က မေလ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အလုပ်သမား တစ်သောင်းသုံးထောင်လောက်က ရှမ်းပြည်နယ်နဲ့ တရုတ်နယ်စပ် ချင်းရွှေဟော်နဲ့ မိုင်းလား ဂိတ်တွေကနေ ပြန်ဝင်လာကြပြီး  လေးထောင်ကျော်က ကချင်ပြည်နယ် နယ်စပ် ကန်ပိုက်တီနဲ့ လွယ်ဂျယ် ဂိတ်တွေကနေ ပြန်ဝင်လာကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား လေးသောင်းကျော်လည်း ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပြီးခဲ့တဲ့ မတ်လက နယ်စပ်ဂိတ်တွေကနေ ပြန်လည်ဝင်ရောက် လာခဲ့ပါတယ်။

အဲဒီနောက် ဧပြီလမှာ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး မေလဆန်းမှာ ရက်အနည်းငယ် ပြန်ဖွင့်ခဲ့ပေမယ့် ထိုင်းနိုင်ငံအတွင်းမှာ သွားလာခွင့် ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ပြန်လည်ဝင်ရောက်လာသူ အနည်းငယ်သာရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။