စပါးဈေးကျဆင်းနေတာကို ကူညီဖြေရှင်းပေးဖို့ မြောက်ဦး က တောင်သူတွေ မေတ္တာရပ်ခံ
2017.02.22

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ စပါးဈေးနှုန်းတွေကျဆင်းပြီး ဝယ်ယူသူမရှိဖြစ်နေတဲ့အတွက် အစိုးရချေးငွေတွေ ကို ပြန်ဆပ်ဖို့အခက်အခဲဖြစ်နေတာကြောင့် ကူညီဖြေရှင်းပေးဖို့ဆိုပြီး ကျေးရွာပေါင်း ၈ ရွာက တောင်သူ ၄၀၀ ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မေတ္တာရပ်ခံလိုက်ပါတယ်။
အစိုးရက သင့်တင့်တဲ့ဈေးနှုန်းတစ်ခုနဲ့ တောင်သူတွေဆီကနေ စပါးတွေဝယ်ယူပေးဖို့အတွက် မေတ္တာရပ်ခံတာ လို့ မေတ္တာရပ်ခံစာပေးပို့ရာမှာ ပါဝင်တဲ့ မြောက်ဦးမြို့နယ် ပီပင်ရင်းကျေးရွာက တောင်သူ ဦးစံထွန်းလှ က ပြောပါတယ်။
အဲဒီမေတ္တာရပ်ခံချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက စာတိုက်ကနေတစ်ဆင့်ပေးပို့လိုက်တာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တောင်သူတွေ စုပေါင်း ဆန္ဒဖော်ထုတ်ကာ ထပ်မံမေတ္တာရပ်ခံ သွားမယ် လို့လည်း သိရပါတယ်။
နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံရာမှာ ပါဝင်သူတွေက ထမ္မရာဇ်၊ အုတ်ဖိုကန်၊ မောင်ရွှေကန်၊ သံချောင်းရွာသစ်နဲ့ ရွာဟောင်း၊ ပီပင်ရင်း၊ ပေါက်တောပြင်၊ ဝေသာ လီ စတဲ့ကျေးရွာတွေက တောင်သူတွေ ဖြစ်ပါတယ်။
လယ်ယာလုပ်ငန်းအတွက် လုပ်သားခစရိတ်တွေကြီးမြင့်တာအပြင် စပါးဈေးကျဆင်းပြီး ဝယ်ယူသူမရှိဖြစ်နေ တာကြောင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ချေးယူထားတဲ့ချေးငွေတွေကို ပြန်ဆပ်ဖို့ အခက်အခဲဖြစ်နေ ရတာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။
မြောက်ဦးမြို့နယ်မှာ ခြောက်ပြည်ဝင် စပါးတောင်း ၁၀၀ ကို ပြီးခဲ့တဲ့နှစ်ကစပြီး ငွေကျပ် တစ်သိန်းခွဲကနေ တစ်သိန်းခုနစ်သောင်းလောက် ရှိနေတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က စပါးဈေးမကောင်းပေမယ့် ဝယ်ယူသူ ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။