မြောင်ဇီးတိုင်းရင်းသားတွေ နေရပ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် ကွမ်းလုံမြို့နယ်ထဲက ထွက်ပြေးသွားတဲ့ မြောင်ဇီးတိုင်းရင်းသား ၅၀၀ လောက်ဟာ သူတို့နေထိုင်တဲ့ ကျေးရွာတွေမှာ တပ်မတော်က လုံခြုံရေးယူထားပေးပြီ ဖြစ်တဲ့အတွက် နေရပ်ပြန်သွားကြပြီလို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းထွဋ်လေး က ဒီနေ့ RFA ကို ပြောပါတယ်။

ကွမ်းလုံမြို့နယ် ဖာဖိန်ကျေးရွာအုပ်စုက မြောင်ဇီးတိုင်းရင်းသား ကျေးရွာလူကြီးတွေနဲ့ ရွာသား ၁၆ ဦးကို MNDAA ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး တပ်သားသစ် စုဆောင်းတာကြောင့် ရွာသားတွေဟာ သူတို့နေထိုင်တဲ့ ကျေးရွာတွေမှာ မနေရဲတော့ဘဲ ဇန်နဝါရီလ ၆ ရက်နေ့က ဟိုလီကျေးရွာဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

ကျန်ကြာကြိုင်း၊ ကြူကော်ယွင်း၊ ဟိုပုံ၊ မန်ဟွယ်နဲ့ ညိုချန်းကျေးရွာ တွေဘက်မှာ တပ်မတော်က တပ်စခန်းချပြီး လုံခြုံရေး ဆောင်ရွက်ပေးနေပြီဖြစ်တဲ့အတွက် ဇန်နဝါရီလ ၁၂ ရက်က နေရပ်ပြန်ကြတယ်လို့ သိရပါတယ်။

မြောင်ဇီးစာပေယဉ်ကျေးမှု အဖွဲ့က ဦးစိုးမင်းက မြောင်ဇီးတိုင်းရင်းသားတွေ နေထိုင်တဲ့နေရာတွေဟာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အများဆုံး လှုပ်ရှားသွားလာတဲ့အတွက် အခုလိုလက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်ပွားနေမယ်ဆိုရင် မြောင်ဇီးတိုင်းရင်းသားတွေရဲ့ လုံခြုံရေးက စိုးရိမ်ရတယ်လို့ ပြောပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကြူကြာကြိုင်း ရွာသား ၃ ဦးဟာ ဇန်နဝါရီ ၉ ရက်နေ့က ထွက်ပြေး လွတ်မြောက်လာခဲ့ပေမယ့် ဖတ်တူရွာသား ၉ ဦးနဲ့ သာချုတ်တီး ရွာသား လေးဦးကတော့ မလွတ်မြောက်သေးဘူးလို့ ပြောပါတယ်။

ကျန်တဲ့သူတွေ လွတ်မြောက်ဖို့အတွက် တပ်မတော်ဘက်ကလည်း ဆောင်ရွက်နေသလို မြောင်ဇီး စာပေယဉ်ကျေးမှု အဖွဲ့အနေနဲ့လည်း အမြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

မြောင်ဇီးလူမျိုးဟာ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုဖြစ်ပြီး တစ်နိုင်ငံလုံးမှာ လူဦးရေ ၇ သောင်းလောက် နေထိုင်ကြတယ် လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။