Western Union က မြဝတီဘဏ်နဲ့ ရပ်ဆိုင်းတာ သက်ရောက်မှု ကြီးကြီးမားမားမရှိ
2020.01.09
အမေရိကန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း Western Union က တပ်မတော်ပိုင် မြဝတီဘဏ်လီမီတက်နဲ့ လက်တွဲ လုပ်ကိုင်နေတာကို ရပ်ဆိုင်းလိုက်ပေမယ့် သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ပေမယ့် တပ်မတော်မိသားစုတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်နိုင်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ရိုဟင်ဂျာ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ အင်္ဂလန်အခြေစိုက် Burma Campaign UK ရဲ့ ဇွန်နဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ Western Union ကုမ္ပဏီက သူတို့ဆီကို မြဝတီဘဏ်နဲ့ လက်တွဲ လုပ်ကိုင်နေတာကို ရပ်ဆိုင်းလိုက်ပြီလို့ အသိပေးစာရေးပို့လာတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Burma Campaign UK အနေနဲ့ Western Union ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တဲ့ တပ်မတော်ပိုင် မြဝတီဘဏ် တစ်ခုတည်းကိုသာ အခုလို ရပ်ဆိုင်းတာဖြစ်တယ်လို့လည်း Burma Campaign UK ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေဖြစ်ပြီး တပ်မိသားစုတွေ သက်သာချောင်ချိ့ရေး၊ စစ်မှုထမ်းဟောင်း တွေရဲ့ သက်သာချောင်ချိရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတဲ့ ဘဏ်ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
Western Union နဲ့ မလုပ်နိုင်လည်း တခြားလုပ်နိုင်တာတွေနဲ့ ဆက်လက်လုပ်ဆောင်ဖို့ ကြိုးစားသွား မှာဖြစ်ပြီး ပြည်တွင်းမှာ သက်ရောက်မှု ကြီးကြီးမားမား မရှိကြောင်းနဲ့ တပ်မိသားစုတွေရဲ့ အခွင့်အရေး နဲ့ သက်သာချောင်ချိရေးကို ချိုးဖောက်ရာရောက်နိုင်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ကျွန်တော်ပြောလိုတာက ကျွန်တော်တို့ဘက်မှာလည်း မိသားစုတွေရဲ့ အခွင့်အရေး၊ မိသားစုတွေရဲ့ သက်သာချောင်ချိရေးနဲ့ ပတ်သက်ပြီးလည်း ချိုးဖောက်ရာ ရောက်နိုင်တယ်လို့ပဲ ပြောချင်ပါတယ်။ Western Union ဆိုတာကလည်း နိုင်ငံတကာငွေလွှဲတဲ့ဟာပဲ သူတို့နဲ့ မလုပ်နိုင်လည်း လုပ်နိုင်တဲ့ဟာနဲ့ လုပ်ဆောင်ဖို့ ကြိုးစားပါမယ်။ ပြည်တွင်းမှာတော့ သက်ရောက်မှု ကြီးကြီးမားမားမရှိပါဘူး။ ဒီဟာတွေနဲ့ လက်တွဲ မလုပ်ဆောင်ခင်ကလည်း ဒီဘဏ်တွေက ဖွင့်လှစ်ထားတာပဲလေ”
လက်ရှိ တပ်မတော်ကနေ အငြိမ်းစားယူထားတဲ့ စစ်မှုထမ်းဟောင်း အရေအတွက်ဦးရေဟာ နှစ်သိန်းခွဲနဲ့ သုံးသိန်း ကြားမှာရှိပြီး တပ်မတော်မှာ တာဝန်ထမ်းဆောင်နေသူ အရေအတွက်ကိုတော့ ထုတ်ဖော်ပြောကြားလို့ မရဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
မြဝတီဘဏ်လီမီတက် အစုရှယ်ယာရဲ့ ၁၀၀ ရာခိုင်နှုန်းကို တပ်မတော်ပိုင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက် (ဦးပိုင်)က ထည့်ဝင် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြဝတီဘဏ် တာဝန်ရှိသူတွေကို RFA က ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်)၊ ဒါရိုက်တာအဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း အစရှိတဲ့ အဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ကြီးကြပ်မှုနဲ့ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ဘဏ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို သဘောထား မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
Western Union ဟာ ATM စက်တွေကနေ ငွေသွင်း၊ ငွေထုတ်ပေးတဲ့ ဝန်ဆောင်မှုတွေ၊ ပုဂ္ဂလိက ဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇ KBZ၊ ဧရာဝတီ၊ ရိုးမ အစရှိတဲ့ ဘဏ်တွေနဲ့ ဆက်လက် ချိတ်ဆက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ATM ကတ်တွေ ထုတ်လုပ်နေတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ ဖွဲ့စည်းထားပြီး ငွေရေးကြေးရေး ဝန်ဆောင်မှုတွေ လုပ်ကိုင်နေတဲ့ Myanmar Payment Union (MPU) အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က
“Western Union ရဲ့ ငွေလွှဲတဲ့ပုံစံက ကုဒ်တစ်ခုပေးလိုက်ပြီး ကြိုက်တဲ့ဘဏ်မှာ ထုတ်လို့ရတာပဲလေ။ ငွေလွှဲထုတ်မယ့် သူတွေကလည်း တခြားကြိုက်တဲ့ဘဏ်ရဲ့ ဘဏ်ခွဲတိုင်းမှာ သွားထုတ်လို့ရတာကြောင့် Customer တွေလည်း ထူးထူးထွေထွေ မရှိသလိုဘဲ မြဝတီဘဏ်အနေနဲ့လည်း Western Union ရဲ့ ဝင်ငွေအပေါ်မှာ မူတည်ပြီး အလုပ်လုပ်နေတာ မဟုတ်ဘူးလေ။ ဘဏ်ရဲ့ အဓိက ပင်မလုပ်ငန်းတွေဖြစ်တဲ့ ချေးငွေ အခြားလုပ်တွေက ဝင်ငွေတွေရှိတယ်ဆိုတော့ ကျွန်တော်အမြင်ပြောရင်တော့ အများကြီး အကျိုးသက်ရောက်မှု မရှိဘူးလို့ မြင်ပါတယ်။” လို့ပြောပါတယ်
Burma Campaign UK အဖွဲ့ဟာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးတွေကို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ကြဖို့ တိုက်တွန်းနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေကို အမည်ပျက် စာရင်းပြုစုဖော်ပြထားပေမယ့် Western Union က တပ်ပိုင်လုပ်ငန်းနဲ့ မပတ်သက်တော့တဲ့ အတွက်လည်း အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးပြီ ဖြစ်ကြောင်းလည်း Burma Campaign UK က ရေးသားထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် FFM က တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်း သို့မဟုတ် တပ်နဲ့ပတ်သက်တဲ့ မိသားစုလုပ်ငန်းတွေနဲ့ စီးပွားရေး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်ပေးဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ မလုပ်ကြဖို့ အမြဲတမ်း တားဆီးနေတဲ့ အဖွဲ့အစည်းတွေရှိကြောင်း ၊ အမြဲ တမ်းတားဆီးနေတဲ့ လုပ်ဆောင်ချက်တွေလည်း ရှိကြောင်း အဲဒီလို အဖွဲ့အစည်းတွေကြောင့် အခုလို ဖြစ်တာလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
Western Union ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်သလို လူ့အခွင့်အရေး အဖွဲ့တွေ အနေနဲ့လည်း ကြိုဆိုကြောင်း Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။
“စစ်သားတွေ၊ တပ်မိသားစုဝင်တွေကို အကြောင်းပြပြီး လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ချေပတာကတော့ ဘောင်မဝင်ဘူးပေါ့နော်။ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိပြီးတော့ ဆက်လက်ကျူးလွန်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် သူတို့ တဖြေးဖြေးနဲ့ ပိတ်ဆို့မှုတွေ၊ အလုပ်လုပ်တာ ရပ်တန့်တဲ့ဟာမျိုးတွေ ဖြစ်လာမယ်ပေါ့နော်။ မကြာခင်လည်း ဖြစ်ဖို့ရှိနေတယ်ပေါ့။ ဒီလိုမျိုး အရေးယူ ပိတ်ဆို့တာတွေက ကျွန်တော်တို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ Fortify Rights အဖွဲ့အနေနဲ့လည်း ကြိုဆိုပါတယ်။ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်ပြီးတော့ ဒီထက်မက လုပ်ဖို့လိုအပ်တယ်ပေါ့။ ဒီလောက်လေး လုပ်တာက မလုံလောက်သေးဘူး။ ”
Western Union အနေနဲ့ မြဝတီဘဏ်နဲ့ လက်တွဲဖြုတ်လိုက်တာဟာ စီးပွားရေး၊ လူမှုရေးအရ ထိခိုက်တာတွေနဲ့ ထူးခြားတဲ့ ပြောင်းလဲမှုတော့ မရှိနိုင်ဘူးလို့ Eco Dev စိမ်းလန်းအမိမြေအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောပါတယ်။
“တပ်မတော်နဲ့ လုပ်ခြင်း၊ မလုပ်ခြင်းကတော့ တပ်မတော်ဘက်တော့ ဘာမှ ဖြစ်မယ်လို့မထင်ပါဘူး။ ကျွန်တော်ထင်တာကတော့ ဒီအတိုင်းပဲ အရင်တုန်းကလည်း ဒါမျိုးအတွေ့အကြုံတွေရှိပြီးသားဆိုတော့ စီးပွားရေးအရ၊ လူမှုရေးအရ ထိခိုက်စရာတွေ လာပြီး ထူးခြားတဲ့ ပြောင်းလဲမှုတော့ ဖြစ်မယ်မထင်ပါဘူး။ ”
မြဝတီဘဏ်ဟာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် လက်အောက်ခံ အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ကူညီထောက်ပံ့ပေးနိုင်ဖို့အပြင် တခြားပုဂ္ဂလိကဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေလွှဲလုပ်ငန်းတွေ၊ ငွေပေးချေမှုတွေ လုပ်ဆောင်နေတဲ့ဘဏ်ဖြစ်ပါတယ်။
မြဝတီဘဏ်လီမိတက်ကို ၁၉၉၃ ခုနှစ် စတင်တည်ခဲ့တာဖြစ်ပြီး မြဝတီဘဏ်ရုံးချုပ်အပါအဝင် စီးပွားရေး အချက်အချာကျတဲ့ မြို့တွေမှာ ဘဏ်ခွဲ ၆၅ ဘဏ်ရှိတယ်လို့ ဘဏ်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။