မြိတ်-ပုလော ကားလမ်းမှာ တိုက်ပွဲကြောင့် ယာဉ်အစီးရေ ရာချီပိတ်မိနေ

RFA Burmese
2024.10.21
မြိတ်-ပုလော ကားလမ်းမှာ တိုက်ပွဲကြောင့် ယာဉ်အစီးရေ ရာချီပိတ်မိနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုကားလမ်းတွင် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ ရပ်နားထားသည်ကို တွေ့ရစဉ်။
PDF Myeik District Battalion 1

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြိတ်- ပုလော ကားလမ်းမှာ ကားအစီး နှစ်ရာခန့် ပိတ်မိနေတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၂၁ ရက်နေ့မှာ ပြောပါတယ်။

မြိတ်-ပုလော ပြည်ထောင်စု ကားလမ်းပိုင်းက ကြဲရွာနဲ့ အနီးတစ်၀ိုက်မှာ အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ခရီးသွားကားတွေနဲ့ ကုန်ကားတွေ ပိတ်မိနေတာ တစ်ပတ်ခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ပုလောနဲ့ ပလကြားမှာ ပိတ်မိနေတာ ကားတွေ ရာနဲ့ ချီတယ်။ ကုန်ကားတွေရော၊ အိမ်စီးကားတွေရော။ ပိတ်မိနေတာ တစ်ပတ်လောက်ရှိပြီ။ ပုလောမြို့ပေါ်မှာ စားသောက်ရေးကို ဖြေရှင်းနေရတယ်။ ဆက်သွားလို့လည်း မရဘူး”

ပိတ်မိနေတဲ့လူ တစ်ထောင်ကျော်ရှိပြီး ကားလမ်းပိတ်နေတာကြောင့် ခရီးသည်တွေကို မြိတ်ကနေ ပုလောကို ရေကြောင်းခရီးနဲ့ ပို့ဆောင်ပေးနေတာတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။

ပုလောမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က အင်အားနှစ်ရာခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာပါ။

အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း တိုက်ပွဲတွေကြောင့် ထား၀ယ်မြို့ဘက် ဆက်သွားလို့မရဘဲ ပုလောမြို့နယ် ကြဲရွာအနီးမှာ ပိတ်မိနေစဉ် ယာဉ်မောင်းတစ်ဦး ကားလမ်းဘေးမှာ အပေါ့သွားရင်း မိုင်းနင်းမိလို့ ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကြဲရွာနဲ့အနီးတစ်၀ိုက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိတာကြောင့် ရွာခုနစ်ရွာက လူငါးထောင်ခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုကားလမ်းကို အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မြိတ်ခရိုင်အမှတ် - ၁ တပ်ရင်းက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။