မြင်းခြံတိုက်ပွဲမှာ PDF ထိန်းချုပ်ထားတဲ့ နေရာတချို့ ဆုတ်ခွာပေးရ
2024.11.19
မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာ ဒီရက်ပိုင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကုန်းကြောင်း ပူးပေါင်းထိုးစစ်ဆင်တာကြောင့် ကာကွယ်ရေးတပ်တွေ ထိန်းချုပ်တဲ့ နေရာတချို့ကနေ ပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြောပါတယ်။
မြင်းခြံမြို့နဲ့ လေးမိုင်ကျော်ဝေးတဲ့ ကွမ်းစိုက်၊ ကူရွာနဲ့ ချေဆေးရွာတွေ အနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်စခန်းတွေကို နိုဝင်ဘာလ ၁၁ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က အင်အားငါးရာခန့်နဲ့ ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း အပြင်းအထန်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့မှာတော့ လက်နက်ခဲယမ်းတွေ မလုံလောက်တော့တာကြောင့် ခံစစ်တပ်စခန်းတွေကနေ ဆုတ်ခွာထားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ကိုမိုက်ခဲက RFA ကို ပြောပါတယ်။
“ကွမ်းစိုက်နဲ့ ချေဆေးမှာရှိတဲ့ ကျွန်တော်တို့ စခန်းတွေကို ကျွန်တော်တို့ ဆုတ်ပေးလိုက်တာပါ။ သူတို့ဘာသာသူတို့ တိုက်လို့ နိုင်တာ မဟုတ်ပါဘူး။ သူတို့ဘက်က လေယာဥ်တွေ သုံးတယ်လေ။ သံချပ်ကာကားတွေ တောင်မှပဲ ရောက်လာတယ်။ ပစ်မသွားတာပဲ ရှိတယ်။ ကျွန်တော်တို့က ကျည်မရှိလို့ ဆုတ်ပေးလိုက်လို့။ တကယ်တမ်းက ကျွန်တော်တို့က ကျည်ကုန်လို့ ခံစစ်ပြင်ထားတဲ့နေရာတွေကပဲ ဆုတ်ပေးလိုက်တာ”
တပ်စခန်းကနေ ကာကွယ်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာပြီးတဲ့နောက် စစ်ကောင်စီတပ်က ချေဆေးရွာကို မီးရှို့နေပြီး မီးလောင်သွားတဲ့ နေအိမ်အရေအတွက် အတိအကျကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ကစလို့ သုံးရက်ဆက် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် တပ်စခန်းတွေကနေ ဆုတ်ခွာရတာလို့ မြင်းခြံမြို့နယ်က ကာကွယ်ရေးအဖွဲ့ဝင် နောက်တစ်ဦးက RFA ကို ပြောပါတယ်။
"သုံးရက်ဆက်တိုက် လေကြောင်းကနေ တရစပ် ကူပေးတယ်။ သူတို့ လေကြောင်းသာ မသုံးရင် မြေပြင်အနေနဲ့ ဘယ်လိုမှ မယှဥ်နိုင်ဘူးလေ။ အဲဒါကြောင့် လေကြောင်းပစ်ကူခေါ်တယ်"
လက်ရှိမှာ တိုက်ပွဲတွေကြောင့် ကူ၊ ကွမ်းစိုက်၊ ချေဆေး၊ ကန်ဆင့် (တောင်)ရွာ၊ ကန်ဆင့် (မြောက်) ရွာ စတဲ့ ရွာတွေက ဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ထောက်ခံရေးသားတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ကူ၊ ကွမ်းစိုက်နဲ့ ချေဆေးရွာအနီးက Myingyan Black Tiger (MBT) တပ်စခန်းတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ရှင်းလင်းနိုင်ခဲ့ပြီး PDF အလောင်း၂၇ လောင်း ရရှိခဲ့တယ်လို့ ရေးသားနေကြတဲ့အပေါ် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ငြင်းဆိုပါတယ်။
သေဆုံးထိခိုက်တဲ့ အရေအတွက်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း မြင်းခြံမြို့နယ် ချေဆေးရွာအနီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ တပ်စခန်းတွေ စီးနင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။