တရုတ်အစိုးရဟာ မြန်မာပြည် မြောက်ပိုင်းက မြစ်ဆုံ ရေလှောင်တမံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်စတင်ရေး မျှော်လင့်ချက်ကို စွန့်လွှတ်သေးပုံမရကြောင်း ဟောင်ကောင်အခြေစိုက် ANI သတင်းက ဖေါ်ပြပါတယ်။
အေးရှားတိုင်း စာစောင်မှာလည်း တရုတ်အနေနဲ့ သူ့အတွက် ပိုပြီးအရေးကြီးတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာအောင်၊ မြစ်ဆုံ စီမံကိန်းကို အသုံးချဖွယ် ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျမယ့် မြစ်ဆုံစီမံကိန်းကို နိုင်ငံအဝှမ်းက ပြည်သူတွေ ကန့်ကွက်ခဲ့ကြတဲ့ အတွက် သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ရပ်ဆိုင်းခဲ့ပါတယ်။ စီမံကိန်းပြီးရင် ထွက်ရှိမယ့် လျှပ်စစ်ဓါတ်အားရဲ့ ၉၀ ရာနှုန်းကို တရုတ်ပြည်က ရရှိမှာဖြစ်ပါတယ်။
တဖက်မှာ တရုတ်အစိုးရကလည်း စီမံကိန်း ဆက်မလုပ်ရင် မြန်မာအပေါ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ကျဆင်းသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး မူဝါဒတွေ အကောင်အထည်ဖေါ်ရေးအတွက် စိုးရိမ်စရာဖြစ်လာလိမ့်မယ်လို့ မြန်မာအစိုးရကို နားချနေကြောင်းလည်း တရုတ်အစိုးရရဲ့ ဂလိုဘယ်တိုင်း သတင်းစာက ဖေါ်ပြပါတယ်။