မြစ်ဆုံကော်မရှင်အဖွဲ့ မြစ်ကြီးနား သွားမည်

ဧရာဝတီမြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့က ဒီအပတ်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်မှာဖြစ်ပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေ မြစ်ကြီးနားမြို့ကို သွားမှာဖြစ်ပေမယ့် ဘယ်သူတွေနဲ့ တွေ့ဆုံမယ်၊ ဘာတွေလုပ်ကြမယ် ဆိုတာ မသိရသေးဘူးလို့ ကော်မရှင်အဖွဲ့ဝင် ဦးချိုချိုက ပြောပါတယ်။

အဲဒီကော်မရှင်မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ဥက္ကဌအဖြစ် တာဝန်ယူထားတာဖြစ် ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ပါဝင်သလို ရေ အရင်းအမြစ်၊ ဆည်မြောင်း၊ သဘာဝပတ်ဝန်းကျင်၊ ဘူမိဗေဒ စတဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ပါတယ်။

အဲ့ဒီကော်မရှင်ရဲ့သက်တမ်းကို သတ်မှတ်ထားခြင်းမရှိသေးဘဲ ပထမဆုံးအစီရင်ခံစာကို လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တင်သွင်းရမှာဖြစ်ပါတယ်။

ကော်မရှင်ကို သြဂုတ် ၁၂ ရက်နေ့ကစတင်ဖွဲ့စည်းလိုက်တာဖြစ်ပြီး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို သြဂုတ် ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ဒေသခံပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဧရာဝတီမြစ်ပေါ်ထားရှိတဲ့ သဘောထားခံစားချက် အမြင်တွေကို အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြရမှာဖြစ်ပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရာသက်ပန်ရပ်ဆိုင်းပေးဖို့ စက်တင်ဘာ ၁၀ ရက် နေ့က ဒေသခံတွေ က တောင်းဆိုထားပါတယ်။