မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရေး မိုင် ၁၆၀၀ လမ်းလျှောက်မည်


2014.03.23
myitsone-305 ဧရာဝတီမြစ်ဆုံ တစ်နေရာဖြစ်ပါသည်။
Photo Courtesy of Soe Win Nyein

ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့ အတွက်  ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ နားက တန်ဖဲကျေးရွာ အထိ မိုင်ပေါင်း ၁၆၀၀ ခရီးကို လမ်းလျှောက် သွားကြမယ့် ဆန္ဒပြ အဖွဲ့တစ်ဖွဲ့ ဟာ ဒီနေ့ မနက် ၄ နာရီလောက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားကြီးရှေ့ကနေ သူတို့ခရီးကို စတင်လိုက်ပါတယ်။

လမ်းလျှောက်ဆန္ဒပြတဲ့ ခရီးစဉ်တလျှောက် မြို့တွေနဲ့ မြစ်ဆုံစီမံကိန်းတည်ရှိတဲ့ တန်ဖဲရွာမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ ကျင်းပသွားမှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစု တာဝန်ခံ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။

" မန္တလေးမြို့ကို သြင်္ကန်မကျခင် တစ်ရက် အလိုမှာဝင်ပြီးတော့ မြစ်ဆုံနဲ့ ပတ်သက်တဲ့ ဟောပြောမှုတွေလုပ်ပါမယ်၊ ပုဂံကိုရောက်တဲ့ အခါ မြစ်ဆုံနဲ့ ပတ်သက်တဲ့ ဟောပြောမှုတွေ၊ မကွေးကိုရောက်တဲ့ အခါ မြစ်ဆုံနဲ့ ပတ်သက်တဲ့ ဟောပြောမှုတွေလုပ်ပါမယ်၊ မြစ်ဆုံကိုရောက်ရင်တော့ မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ် လာတဲ့ ဒေသတွင်း ပိပက္ခတွေ နောက်ပြီးတော့ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ ဂေဟစနစ် ပျက်စီးမှုတွေ ရေဝင်ရေလွှဲတွေ ဆုံးရှုံးမှုတွေ၊ နောက်ပြီးတော့ တရားမဝင် ရွှေတူးဖော်မှု စတာတွေကို ကျွန်တော်တို့က အသိပညာပေးမယ် ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ မြစ်ဆုံ ဒေသမှာ တရားမဝင် ရွှေတူးဖော်မှုတွေ လုပ်နေတဲ့ ပြည်ပနိုင်ငံတွေကို ဖော်ထုတ်ပြီးတော့ ထိရောက်စွာအရေးယူသွားဖို့ ပူးပေါင်းဆောင်ရွက်သွားဖို့အထိလုပ်မယ်"

ရန်ကုန်ကနေ မြစ်ဆုံစီမံကိန်းအထိ မိုင်ပေါင်း ၁၆၀၀ ခရီးကို ရက်ပေါင်း ၁၂၀ ဝန်းကျင်လောက် သွားရမှာဖြစ်ပါတယ်။

လမ်းလျှောက်ဆန္ဒပြသူတွေ လူ ၁၀ ယောက်လောက်မှာ လူကြီးတချိုနဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်မစတင်ခင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းပေးဖို့ လက်ကမ်းစာစောင်တွေကို ရန်ကုန်မြို့မှာ လိုက်လံဖြန့်ဝေခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။