မြို့မတူရိယာအသင်း စစ်ကောင်စီအတွက်ဖျော်ဖြေမယ်လို့ သတင်းတွေထွက်

2021.05.13
မြို့မတူရိယာအသင်း စစ်ကောင်စီအတွက်ဖျော်ဖြေမယ်လို့ သတင်းတွေထွက် ၂ဝ၁၉ ခုနှစ် သင်္ကြန်က မန္တလေးမြို့မှာ နာမည်ကျော် မြို့မတူရိယာအသင်း မြို့တွင်းလှည့်လည် ဖျော်ဖြေနေစဉ်။
ဓာတ်ပုံ - မြို့မတူရိယာအသင်း-မန္တလေး

မန္တလေးမြို့က နာမည်ကျော် မြို့မတူရိယာအသင်းဟာ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကို မလွန်ဆန်နိုင်လို့ စစ်တပ်အတွင်းက ခန်းမတခုဖွင့်ပွဲအတွက် ဖျော်ဖြေဖို့ လက်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့မအသင်းနဲ့ နီးစပ်သူတဦးက RFA ကို အတည်ပြုချက်ပေးပါတယ်။

မန္တလေးမြို့ ၃၈လမ်းနဲ့ ၇၈လမ်းထောင့်မှာရှိတဲ့ မျက်ပါးရပ် စစ်တပ်ဝင်းအတွင်း ရတနာပုံခန်းမ ဖွင့်ပွဲကို အခုရက်ပိုင်းမှာ ကျင်းပဖို့ရှိပြီး အဲဒီဖွင့်ပွဲမှာ မြို့မတူရိယာကို ဖျော်ဖြေပေးဖို့ မန္တလေးတိုင်း စစ်ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက မြို့မအသင်းဥက္ကဋ္ဌကို တယ်လီဖုန်းနဲ့ဆက်ပြီး ဖိအားပေးသလို မဖျော်ဖြေရင် မြို့မအသင်းကို အရေးယူမယ်ဆိုပြီး မန္တလေးတိုင်းစစ်ကောင်စီရဲ့အကြံပေး ဦးကျော်ဝင်းကလည်း ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုအကြပ်ကိုင် ခြိမ်းခြောက်ဖိအားပေးမှုတွေကြောင့် မြို့မအသင်းခေါင်းဆောင်တွေက ဖျော်ဖြေပေးဖို့ လက်ခံလိုက်ပေမယ့် မြို့မအသင်းဝင် တော်တော်များများကတော့ လက်မခံဘဲ ကန့်ကွက်ကြတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို အသေးစိတ်သိနိုင်ဖို့ မြို့မအသင်းခေါင်းဆောင်တွေဆီကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

မြို့မအသင်း စစ်ကောင်စီကို ဖျော်ဖြေမယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတာကြောင့် အထူးသဖြင့် မြို့မရဲ့ အမာခံပရိတ်သတ်တွေဖြစ်တဲ့ မန္တလေးဒေသခံတွေ အတွင်းမှာတော့ ဝေဖန်မှုတွေ ရှိနေပါတယ်။

မြို့မတူရိယာအသင်းဟာ ပြီးခဲ့တဲ့ သင်္ကြန်မှာကာလအတွင်း ဖျော်ဖြေပေးဖို့ စစ်ကောင်စီက ကမ်းလှမ်းခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။