စစ်တွေလူသတ်မှု သေဒဏ်အမိန့် ပြန်စစ်ပေးဖို့ ULA/AA ကို မိသားစုတောင်းဆို

RFA Burmese
2023.02.07
Share on WhatsApp
Share on WhatsApp
စစ်တွေလူသတ်မှု သေဒဏ်အမိန့် ပြန်စစ်ပေးဖို့ ULA/AA ကို မိသားစုတောင်းဆို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်း အသတ်ခံရမှု အတွက် ဆိုင်မန်နေဂျာ ဦးမျိုးမြင့်ဇော်ကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) ဒေသအဆင့်တရားရုံးက သေဒဏ်ချတဲ့အပေါ် တရားမမျှတလို့ အမှုမှန်ပြန်စစ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုပါတယ်။

ဦးမျိုးမြင့်ဇော်ဟာ အသက်ခံရသူ မနွယ်သန္တာဝင်းနဲ့အတူ စစ်တွေမြို့မှာရှိတဲ့ Luminous ကုန်ပစ္စည်းဆိုင်မှာ အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

သူ့ကို ULA/AA က ဖမ်းဆီးခဲ့ပြီး ငါးလအကြာ ဒေသအဆင့်တရားရုံးကနေ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂(၁)(ဂ) အရ သေဒဏ်စီရင်တယ်လို့ ထုတ်ပြန်တာဟာ တရားမမျှတဘူးလို့ ကိုမျိုးမြင့်ဇော်ရဲ့ ဇနီးက RFA ကို ပြောပါတယ်။

"မသေမချင်း ကြိုးကွင်းစွပ်သတ်စေလို့ အမိန့်ချမှတ်လိုက်တဲ့အပေါ် အရမ်းဝမ်းနည်း တုန်လှုပ်မိတယ်။ ဒါက ကျမတို့ မိသားစုရဲ့သိက္ခာနဲ့ ဆိုင်နေပါတယ်။ သေချာ စစ်ဆေးမယ်ဆိုရင် Rape လုပ်တယ်လို့ ပြောတဲ့အတိုင်း မနွယ်သန္တာဝင်းရဲ့ အဝတ်အစားတွေကအစ အဲဒီနေ့ကဖြစ်စဉ်တစ်ခုလုံးကို အစကနေ ပြန်စစ်စေချင်တယ်။ ကျမအနေနဲ့တောင် ဒီအမှုမှာ ကွာဟချက်တွေရှိနေတာသိနေတာဆိုတော့ ULA တရားရုံးအနေနဲ့ ပြန်လည်စစ်ဆေးပေးဖို့ မိသားစုက ညှိုးငယ်စွာ တောင်းဆို ချင်ပါတယ်"

ဦးမျိုးမြင့်ဇော်ဟာ Luminous ကုန်ပစ္စည်းဆိုင်ရဲ့ မန်နေဂျာဖြစ်သလို မနွယ်သန္တာဝင်း ကတော့ စာရေးမအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့က ဆိုင်ထဲမှာ မနွယ်သန္တာဝင်း သေဆုံးခဲ့တာကြောင့် ပထမဆုံး မျက်မြင်သက်သေဖြစ်သူ ကိုမျိုးမင်းဇော် အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။

ဦးမျိုးမြင့်ဇော်ကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ULA/AA တရားရုံးက အယူခံဝင်ခွင့် ရှိတယ်လို့ ထုတ်ပြန်ထားသလို မိသားစုကလည်း ရှေ့နေကနေတဆင့် ရသေ့တောင် အခြေစိုက် ဒေသတရားရုံးထံ စာနဲ့ရောနှုတ်နဲ့ပါ အထူးအယူခံ တင်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ရဲ့ တုံ့ပြန်ချက်ရဖို့ AA ပြောခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်နေပေမယ့် ညနေပိုင်းအထိ ဆက်သွယ်လို့မရသေးပါဘူး။

ဦးမျိုးမြင့်ဇော်ရဲ့ မိသားစုနဲ့ နီးစပ်သူတွေကတော့ သူဟာ လူမှုရေးကိစ္စ ရှင်းလင်းသူဖြစ်ပြီး ဒီလိုအမှုအခင်းမျိုးကို ကျုးလွန်မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း RFA ကို ပြောပါတယ်။

ဒီလူသတ်မှု ဖြစ်ပွားခဲ့ပုံနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ရခိုင်ပြည်နယ်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) က ဒေသ တရားရုံးတွေဖွင့်ပြီး တရားရေးကို ကိုင်တွယ်ဖြေရှင်းနေပေမယ့် အခုလို ပြင်းထန်တဲ့ သေဒဏ်စီရင်မှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။