ပြည်တွင်းအခြေစိုက် Delta News Agency (DNA) ရဲ့ ဖျာပုံမြို့နယ် သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းစစ်ကောင်စီက ဩဂုတ်လ ၃၀ ရက် မနေ့က ဖမ်းဆီးသွားပါတယ်။
ကိုမျိုးစံစိုး ကို စစ်ကောင်စီဩဇာခံ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့က လာရောက်ဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးသလို ကိုမျိုးစံစိုးရဲ့ မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ Delta News Agency ရဲ့ အယ်ဒီတာချုပ် ကိုစိုးရက RFA ကို ပြောပါတယ်။
ကိုမျိုးစံစိုးဟာ ၂၀၁၉ ခုနှစ်ကစပြီး Delta News Agency ရဲ့ ဖျာပုံမြို့အခြေစိုက် သတင်းထောက်အဖြစ် လုပ်ဆောင်ခဲ့ပေမယ့် စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း မတ်လ ၁ ရက်နေ့ကစလို့ လုံခြုံရေးကို စိုးရိမ်တာကြောင့် အလုပ်ကနေ ရပ်နားခဲ့သူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ အချိန် ခြောက်လကျော်အတွင်း စစ်ကောင်စီရဲ့ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ သတင်းသမားပေါင်း ၉၀ နီးပါးရှိခဲ့ပြီး ၅၀ နီးပါးကတော့ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။