ခြစားတယ်လို့ စွပ်စွဲခံရတဲ့ ကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ရာထူးကနုတ်ထွက်

0:00 / 0:00

လိမ်လည်ခြစားမှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂဝန်ဆောင်မှုရုံး UNOPS က အရေးယူပိတ်ဆို့တာ ခံရတဲ့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်ဟာ ဥက္ကဋ္ဌအဖြစ်က နုတ်ထွက်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။

မနေ့က တင်တဲ့ နုတ်ထွက်စာမှာ ဦးမျိုးသွင်ကိုယ်တိုင် လက်မှတ်ထိုးထားပြီး၊ မိမိတွင် တာဝန်ရှိ၍ နုတ်ထွက်ကြောင်းနဲ့ အသင်းဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ရေးသားထားပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့က ကုလသမဂ္ဂဝန်ဆောင်မှုရုံး- UNOPS ရုံးက မြန်မာနိုင်ငံကျန်းမာရေးမှူး (MHAA) အသင်းနဲ့ အသင်းဥက္ကဋ္ဌကို အကျင့်ပျက်ခြစားမှုနဲ့ အရေးယူပိတ်ဆို့လိုက်တဲ့စာရင်းထဲ ထည့်သွင်းထားတာပါ။

ဒီလိုအရေးယူပေမယ့်လည်း အသင်းနဲ့ UNOPS တို့ကြား လက်ရှိစာချုပ်ချုပ်ဆို ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို စာချုပ်ကာလပြီးဆုံးတဲ့အထိ ဆောင်ရွက်ခွင့်ပြုပြီး အရေးယူပိတ်ဆိုခံရတဲ့ ကာလအတွင်း လုပ်ငန်းအသစ် လျှောက်ထားခွင့်ရရှိမှာ မဟုတ်ကြောင်း၊ အသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်ကို UNOPS နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ စီမံခန့်ခွဲခွင့် လုံးဝမပြုကြောင်းလည်း ဖော်ပြထားပါတယ်။

ဒဏ်ခတ်ခံရတဲ့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်ကတော့ ၎င်းအနေနဲ့ ဝန်ထမ်းရေးရာနဲ့ ပတ်သက်တဲ့ အမှားအယွင်းနဲ့ အကျင့်ပျက်ခြစားမှုတစ်ခုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယနဲ့ စွပ်စွဲခံရ တာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

"ဝန်ထမ်းရေးရာကိစ္စမှာ အသင်းဥက္ကဋ္ဌတစ်ယောက်အနေနဲ့ စီမံခန့်ခွဲတာဖြစ်တယ်။ ဒီအပေါ်မှာလည်း HR ပေါ်လစီနဲ့လိုက်ပြီး လုပ်တာဖြစ်တဲ့အတွက် ဆရာတို့အတွက်တော့ မှန်တာပေါ့။ ဒါပေမဲ့ UN ပေါ်လစီနဲ့ ကိုက်ညီလား မကိုက်ညီလားဆိုတာကတော့ မသိဘူးပေါ့။ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ရင်တော့ ဆရာက စွပ်စွဲခံရတာပါ"

ဦးမျိုးသွင် ပြောပြသွားတာပါ။

အရေးယူခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြသွင်က

"သူကြိုးစားပမ်းစား ဆောင်ရွက်ပေးတဲ့ တစ်နှစ်ကျော် အတိုင်းအတာအတွင်းမှာ မှားယွင်းသွားတဲ့ အချက်လေးတစ်ချက်ကြောင့် သူ့မှာ တာဝန်ယူမှုတာဝန်ခံမှုနဲ့ နုတ်ထွက်သွားတာပါ။ အဂတိလိုက်စားမှု တစ်စွန်းတစ်စိမှ မပါပါဘူး"

ရန်ကုန်အခြေစိုက် UNOPS ရုံးကို RFA က ဒီကနေ့ သွားရောက်တွေ့ဆုံမေးမြန်းတဲ့အခါ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ အင်ဒရူး ကစ်ဝုဒ်က ကျန်မာရေးမှူးအသင်းဥက္ကဋ္ဌကို ဒဏ်ခတ်အရေးယူထားတာ မှန်ကန်ကြောင်းနဲ့ အမှုအသေးစိတ်ကိုတော့ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်အခြေစိုက် UNOPS စုံစမ်းရေးအဖွဲ့ကသာ သိရှိနိုင်မယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ UNOPS က လက်ရှိအချိန်ထိ ကျန်းမာရေးမှူးအသင်းနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်း ငါးခုရှိတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေးမှူးအသင်းဟာ UNOPS ဆီကနေနှစ်စဉ် စီမံကိန်းငွေပျမ်းမျှ ဒေါ်လာ သုံးသန်းခန့် ရရှိနေတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ခတ်အရေးယူတဲ့ ကာလဟာ အခုနှစ်ကနေစပြီး လာမယ့် ၇ နှစ်ကာလအထိ အကျုံးဝင်တာကြောင့် အရေးယူခံရတဲ့ MHAA ကျန်းမာရေးမှူးအသင်းအနေနဲ့ အဲဒီကာလအတွင်းမှာ စီမံကိန်းအသစ်တွေ လျှောက်ခွင့်ဆုံးရှုံးမှာဖြစ်တယ်လို့ ဒါရိုက်တာ အင်ဒရူး ကစ်ဝုဒ်က ရှင်းပြပါတယ်။

UNOPS နဲ့ ကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်းဆောင်ရွက်နေတာဟာ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်ပြီးတော့၊ ခြစားမှုကြောင့် အသင်းရော၊ အသင်းဥက္ကဋ္ဌပါ အရေးယူခံရတဲ့ဖြစ်ရပ်ဟာ ပထမဦးဆုံးဖြစ်ရပ် ဖြစ်တယ်လို့လည်း အင်ဒရူး ကစ်ဝုဒ်က ပြောပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေ၊ အရေးယူခံရတာ ကျန်းမာရေးမှူးအသင်း တစ်ခုတည်းတော့ မဟုတ်ပါဘူး။ UNOPS က ချပေးတဲ့ငွေတွေကို အလွဲသုံးစားပြုတယ်လို့ စွပ်စွဲခံရသူ၊ သို့မဟုတ် အသင်းကို ကိုပင်ဟေဂင်ရုံးချုပ်က စစ်ဆေးတာ နှစ်စဉ်ပျဉ်းမျှ ငါးခုဝန်းကျင်ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ဒီလိုတိုင်တန်းခံရပေမယ့်လည်း ပြစ်ချက်မတွေ့တာကြောင့် လွတ်ကင်းတာတွေလည်းရှိကြောင်း UNOPS မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာက ရှင်းပြပါတယ်။

ခြစားတယ်လို့ စွပ်စွဲခံရတဲ့ကိစ္စကို ကျန်းမာရေးမှူးအသင်းရဲ့ ဗဟိုဦးစီးအဖွဲ့ ဒါမှမဟုတ် သက်ဆိုင်ရာ ကော်မတီတစ်ခုခုနဲ့ စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်မယ်ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း၊ အပြစ်ရှိတယ်လို့ ပေါ်ပေါက်ရင်လည်း အရေးယူမှုကို ခံယူသွားမှာဖြစ်ကြောင်းလည်း ဦးမျိုးသွင်ရဲ့ နုတ်ထွက်စာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းဟာ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူညီပေးရေးနဲ့ အခြေခံ ကျန်းမာရေးဝန်ဆောင်မှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆောင်ရွက်နေတဲ့အသင်းဖြစ်ပြီး ဝန်ထမ်းပေါင်း ၅၂၈ ဦး ရှိပါတယ်။

ရန်ကုန်၊ ရခိုင်၊ ပဲခူး၊ မကွေး၊ ရှမ်းနဲ့ ကချင်အပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ UNOPS နဲ့လုပ်နေတဲ့ ပရောဂျက်ပေါင်း ၇၇ ခုရှိပြီး ဘက်ဂျက်ငွေ အမေရိကန်ဒေါ်လာ ဆယ်သန်းခန့်ရှိတယ်လို့ သိရပါတယ်။

(RFA သတင်းထောက် မဖြူဖြူခိုင် ပေးပို့သည်)