ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း အဂတိမှုငါးခုနဲ့ ထောင် ၁၅ နှစ် ချမှတ်ခံရ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုငါးမှုခွဲပြီး တရားစွဲဆိုခံနေရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ရန်ကုန်တိုင်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဧပြီလ ၂၈ ရက် ဒီနေ့မှာ အဂတိအမှုတစ်မှုကို ထောင်သုံးနှစ်စီနဲ့ စုစုပေါင်း ထောင် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ် သူတွေက ပြောပါတယ်။
ဒီအမိန့်ကို မကျေနပ်တဲ့အတွက် အထက်တရားရုံးကို အယူခံဝင်သွားမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့ မနက် ၁၁ နာရီလောက်က အမိန့်ချလိုက်တာပါ။ အယူခံဆက်တက်သွားမယ်လို့ သိထားပါတယ်။ သူတို့ စွပ်စွဲထားတဲ့ အဂတိအမှုဆိုတာ ကိုနိုင်ငံလင်းနဲ့ ဘာမှသက်ဆိုင် တာ မရှိဘူး။ ကျနော်တို့ဘက်ကတော့ ရသလောက် အယူခံဝင်မယ်"
ဦးနိုင်ငံလင်းဟာ စစ်တပ်က အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ငါးနာရီလောက်မှာ သူ့ရဲ့ နေအိမ်ကနေ ဖမ်းဆီးခံခဲ့ရတာပါ။
သူဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီရဲ့ သာကေတမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းအစိုးရ အဖွဲ့မှာ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
ဦးနိုင်ငံလင်းရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်နေတယ်လို့လည်း မိသားစုနဲ့ နီးစပ်သူကပြော ပါတယ်။