နမ္မတူမှာ တပ်မတော်၊ RCSS နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ စစ်ရေးတင်းမာ
2018.08.16

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးမှာ တပ်မတော်၊ ရှမ်းပြည်တပ်မတော် RCSS/SSA တပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြား ဒီနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံတွေက တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ပန်လုံနဲ့ ပန်သပြေကျေးရွာတွေမှာ တပ်မတော်နဲ့ RCSS အဖွဲ့တို့က နေရာခွဲပြီးတပ်စွဲထားသလို ပန်လုံရွာအရှေ့ဘက် မန်ချယ်ရွာဘက်မှာတော့ တအာင်းပလောင်အဖွဲ့ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP တပ်တွေ ပူးတွဲနေရာ ယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်က TNLA အဖွဲ့တွေ မန်ချယ်ဘက်က ဝင်လာတယ်၊ RCSS ကတော့ ရွာထဲမှာဖြတ် ပြီးတော့ ရွာရဲ့အရှေ့ဘက်တောင်ကုန်းရှိတယ်၊ အဲဒီတောင်ကုန်းမှာနေပြီးတော့ သူတို့ နှစ်ဖက်စလုံးပေါ့ ရင်ဆိုင်နေတဲ့ သဘောမျိုးပေါ့ဗျာ၊ စိန်ခေါ်တဲ့သဘောပေါ့၊ တစ်ဖက်နဲ့ တစ်ဖက်ထုနေကြတာပဲ၊ ကြီးကြီး ကျယ်ကျယ်တော့ မဟုတ်ဘူးပေါ့၊ အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်၊ အဲလိုမျိုးဖြစ်နေတယ်၊ အဲဒါကြောင့် ပြည်သူတွေက ထိတ်လန့်ပြီးတော့ ထွက်ပြေးတာပါ"
စစ်ဘေးရှောင် ရွာသူရွာသားတွေကတော့ သီပေါနဲ့နမ္မတူမြို့က ဘုန်းတော်ကြီး ကျောင်းတွေမှာ ခိုလှုံနေရဆဲဖြစ် တယ်လို့ ပန်လုံ ရွာက ဦးလှမြင့်က ပြောပါတယ်။
အခုလို စစ်ရေးတင်းမာမှုကြောင့် သြဂုတ်လ ၁၄ ရက်နေ့ ညက ပန်လုံကျေးရွာအုပ်စု ပန်ကျန်း၊ မန်ချယ်၊ နမ့်ဆီးလင်း၊ ပန်ဟတ်၊ မန်ဆာ ကျေးရွာတွေက ရွာသားတွေဟာ သီပေါမြို့နယ်ဘက်ကို ထွက်ပြေးလာခဲ့ကြပါတယ်။
သီပေါ မြို့နဲ့ -နမ္မတူပန်လုံ လမ်းပေါ်က မန်လီကျောင်းမှာ လူဦးရေ ငါးရာကျော်၊ ပန်သပြေကျောင်းမှာ စစ်ဘေးရှောင် တစ်ရာကျော်ရှိနေပြီး သီပေါမြို့ ဘိုးတော်ကျောင်းမှာ လူဦးရေ တစ်ရာ့ငါးဆယ်ကျော်အထိ ရောက်ရှိနေပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ခေါ်ဆောင်ရာမှာပါဝင်ခဲ့တဲ့ သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့က ကိုမျိုးက သူတို့အတွက် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပန်စံကျေးရွာက ဘုန်းတော်ကြီးကျောင်း မှာခိုလှုံနေရသူတွေလည်း တစ်ထောင်ကျော် ရှိနေပြီး မန်စံကျေးရွာက မန်ဟောင် ဘုန်းတော်ကြီး ကျောင်းမှာ နေထိုင်ရသူတွေလည်း ရှိနေပါတယ်။
နေရပ်ပြန်ချင်နေတဲ့ ရွာသားတွေကတော့ နှစ်ဖက်တပ်တွေ ဆုတ်ခွာမှ နေရပ်ပြန်လ့ို ရမှာဖြစ်တာကြောင့် တပ်တွေဆုတ်ခွာပေးဖို့ လိုလားနေကြတယ်လို့ ပန်လုံကျေးရွာသား ဦးလှမြင့်က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့နဲ့ RCSS တပ်တွေ စစ်ရေးတင်းမာမှုရှိနေသလို၊ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာတစ်ဝိုက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အလားတူ မနေ့က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ အနီးတစ်ဝိုက်မှာ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကြား တိုက်ပွဲဖြစ်တာတွေရှိခဲ့တယ်လို့ TNLA အဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။