စစ်ကိုင်းတိုင်း ကလေးမြို့ (တောင်ပိုင်း) မှာရှိတဲ့ နတ်ချောင်းရွာကို ဧပြီလ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တပ်သားတွေ တတိယအကြိမ် မီးရှို့ခဲ့တယ်လို့ ရွာအပြင်က မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဧပြီလ ၁၀ ရက် မနေ့ညပိုင်းကတည်းက စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင်လောက် ရွာထဲကို ဝင်ရောက်လာတာကြောင့် တစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ကြရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့ညကတည်းက ကျနော်တို့ရွာဘက်ကို စစ်သားတွေ အင်အား ၂၀၀ ကျော် ရောက်လာတယ်။ ဒီမနက် ၈ နာရီ လောက်မှာ နေအိမ်တွေ မီးရှို့ခဲ့တယ်။ ဘယ်နှအိမ် ပါသွားပြီလဲတော့ မသိသေးဘူး။ ကျနော်တို့က အဝေးကနေပဲ ကြည့်နေရတယ်။ ရွာထဲမှာ စစ်သားတွေပဲရှိတယ်"
ရွာထဲမှာ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတာကြောင့် ဘယ်နှအိမ် မီးလောင်ပျက်စီး သွားလဲဆိုတာ တိတိကျကျ မသိရသေးဘူးလို့လည်း ဒေသခံက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေပေမယ့် မွန်းလွဲ ၂ နာရီကျော်အထိ ခေါ်ဆိုလို့ မရပါဘူး။
နတ်ချောင်းရွာဟာ ကလေးမြို့ (တောင်ပိုင်း) မှာရှိတဲ့ ရွာတွေထဲက အိမ်ခြေ နှစ်ထောင် ကျော်ရှိတဲ့ အကြီးဆုံးရွာ ဖြစ်ပြီး အခုအကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက် အရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဒေသခံနေအိမ် ၄၃ လုံး ပထမအကြိမ် မီးရှို့ခံခဲ့သလို အခုနှစ် မတ်လ ၁၆ ရက်နေ့ကလည်း ဒုတိယအကြိမ် နေအိမ် ၇၈ လုံး မီးရှို့ခံခဲ့ရတာပါ။
လက်ရှိ နတ်ချောင်းရွာ ဒေသခံတွေကတော့ ကလေးမြို့ တပ်ဦးဘုန်းကြီးကျောင်းနဲ့ နတ်ချောင်းက ဘုန်းကြီးကျောင်း လေးကျောင်းမှာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။