နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေစီးနင်းပြီး မီးရှို့
2024.12.01
မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်က နိုဝင်ဘာလနောက်ဆုံးပတ်ကစလို့ စစ်ကြောင်းထိုးနေပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတဲ့အပြင် အရပ်သားတချို့လည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့ပြောပါတယ်။
စစ်ကောင်စီ တပ်သားတွေက နိုဝင်ဘာ ၂၉ ရက်နေ့မှာ နတ်မောက်မြို့နယ် ဖက်တောရေကျေးရွာက နေအိမ် ၁၁ လုံးကို မီးရှို့ခဲ့ပြီး နို၀င်ဘာ ၃၀ ရက်နေ့မှာ ကန်သာကျေးရွာကို စီးနင်းပြီး ဒေသခံတချို့ကို လမ်းပြအဖြစ် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
နတ်မောက်မြို့က ထွက်လာတဲ့ အင်အား တစ်ရာခန့်ပါ စစ်ကြောင်းဟာ ဖက်တောရေရွာကို တပ်အင်အား ခြောက်ဆယ်ကျော်နဲ့ ကန်သာရွာဘက်ကို အင်အား လေးဆယ်ပါတဲ့ စစ်ကြောင်း နှစ်ခုခွဲပြီး ရွာတွေထဲ စီးနင်းသွားတယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုအဆိပ်သီးက RFA ကို ပြောပါတယ်။
"နိုဝင်ဘာလ ၂၅ နေ့မှာ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့၀င် သုံးဦး အဖမ်းခံခဲ့ရတယ်။ သူတို့ဆီကနေ သတင်းအချက်အလက်တွေရလို့ ကျွန်တော်တို့ ရှိတဲ့ဘက်ကို စစ်ကြောင်းထိုးလာတာ ဖြစ်နိုင်တယ်။ ရွာတွေကတော့ အရင် စစ်ကြောင်းထိုးဖူးတဲ့ ရွာတွေပဲဆိုတော့ ဒေသခံတွေ သိပ်မရှိဘူး။ အဖမ်းခံရတဲ့ ဒေသခံတချို့တော့ ပြန်လွတ်လာတာရှိတယ်။ တစ်ဦးတော့ ပြန်မလွတ်သေးဘူး"
နို၀င်ဘာ ၂၇ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်တွေက လဲဘူးရွာအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ကန်သာရွာနဲ့ ကျောက်ဆည်ရွာကြားမှာ ကင်းပုန်းဝပ်ပြီး တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နတ်မောက်မြို့နယ်က အခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်ကနေ ၂၀ ရက်အထိ ဖက်တောရေရွာမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာသား တစ်ရာကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သလို ရွာကို သုံးရက်ဆက်တိုက် မီးရှို့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး အိမ်ဆယ်လုံးခန့် မီးလောင်ပျက်စီးသွားပါတယ်။