ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ဒီဇင်ဘာ ၁၀ ရက် ဒီနေ့အထိ လူသုံးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့က တိုက်ပွဲတွေကြောင့် အိမ်ခြေခြောက်ရာခန့်ရှိတဲ့ ဆီဆုံကုန်းရွာ တစ်ရွာလုံး ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခု စစ်ရှောင်နေရတဲ့လူတွေက အကူအညီတွေ လိုအပ်နေတယ်ဗျ။ စစ်တပ်ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတော့ တချို့ဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးရတာဗျ။ ဆောင်းက အေးနေတာနဲ့ အကူအညီတွေ အရမ်းလိုအပ်နေပါတယ်”
လက်ရှိ စစ်ဘေးဒုက္ခသည်တွေက ဘေးလွတ်ရာ တောတောင်တွေနဲ့ နီးစပ်ရာ ကျေးရွာတွေကို ရှောင်တိမ်းနေရတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က ကံစုနဲ့ ကွက်သစ်ရွာအနီးမှာ တပ်ဆွဲထားပြီး ဒီနေ့တော့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပဲခူးရိုးမအစပ်က ရွာတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၉ ရက်နေ့မှာ စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ရွာငါးရွာက ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် သုံးသန်းကျော် ရှိလာပြီဖြစ်ပါတယ်။