နောင်ချိုမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံး

RFA Burmese
2024.11.02
နောင်ချိုမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့်  အရပ်သားသုံးဦးသေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုနယ် ဆမ္မဆယ်ကျေးရွာအား လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က TNLA မှ ထုတ်ပြန်ထားစဉ်။
PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုနယ် ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က နိုဝင်ဘာ ၂ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့က ဆမ္မဆယ်ရွာနဲ့ သကြားစက်ရုံကို ဂျက်ဖိုက်တာနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်တာလို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် မီးနေသည်မိခင်တစ်ဦး၊ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သံဃာတော်နှစ်ပါးနဲ့ ဒေသခံလေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး သကြားစက်ရုံနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အသေးစိတ်သိရဖို့ TNLA ပြောခွင့်ရသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းပေမဲ့ လက်တလော မဖြေကြားသေးပါဘူး။

ဒီဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း နောင်ချိုမြို့ သပြေရပ်ကွက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်ခြောက်ဆယ်အရွယ် ဦးသိန်းထွန်းသေဆုံးပြီး အသက် ငါးဆယ်ဝန်းကျင် ဒေါ်ပု ထိခိုက်ဒဏ်ရာရခဲ့တာလို့ TNLA က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နောင်ချိုမြို့ကို TNLA၊ မန္တလေး PDF နဲ့ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာပါ။ လက်ရှိမှာ နောင်ချိုမြို့ကို ပြန်ရရေးအတွက် စစ်ကောင်စီက မြေပြင်ကရော လေကြောင်းနဲ့ပါ ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ "၁၀၂၇ စစ်ဆင်ရေး" အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးသူ ၃၃၉ ဦးနဲ့ ဒဏ်ရာရသူ ၆၇၂ ဦးရှိခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(HRAN)က အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။