လွန်ခဲ့တဲ့သတင်းပတ်တွေက တရွာလုံး ဖျက်သိမ်း ခံလိုက်ရလို့ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ လှည်းကူးမြို့နယ်က သမီးလေးရွာသားတွေကို ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဦးဆောင်တဲ့အဖွဲ့၊ ကိုထင်ကျော် ဦးဆောင်တဲ့ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့၊ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်နဲ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA အဖွဲ့တို့က မနေ့က ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ စားသောက်စရာ၊ ပစ္စည်းတွေ နဲ့ငွေကြေးတွေ သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကူညီမှုနဲ့ပတ်သက်လို့ ဗိုလ်ကြီးဟောင်းကိုနေမျိုးဇင် က
"ဆန်အိတ်ပါင်း ၁၃ဝ၊ ခရမ်းချဉ်သီး၊ အာလူး၊ ဘူးသီး စတဲ့ဥစ္စာက ကား ၃ စီးတိုက်၊ လိုက်ပါအားပေးသူပေါင်း ၇ဝ ကျော်ပါတယ်ဗျ၊ ဒီနေ့ ကျနော်တို့ ကားအစီး ၃ဝ ကျော်နဲ့ သွားကြပါတယ်၊ ကျနော်တို့နဲ့ ကိုမိုးသီးဇွန်တို့၊ ကိုထင်ကျော်တို့ အဖွဲ့တွေ ထပ်ဆုံတော့ ကားတွေက ပိုများသွားတာပေ့ါ၊ အစီး ၃ဝ၊ ၄ဝ လောက်ဖြစ်သွားတာပေါ့၊ DKBA ကလည်း လာတယ်ဗျ၊ DKBA က ၁၂ ဘီးကားကြီး ၂ စီးရယ်၊ ၆ ဘီး ဂျပန်ကားကြီး ၁ စီးရယ်၊ ကားသေးက ၂ စီးရယ် သူတို့က ၅ စီးလောက် လာပါတယ်ခင်ဗျ၊ အဲဒီအထဲမှာ DKBA ကပဲလှူတာ အိတ် ၁ဝဝ ရယ်၊ ပန်းဂေါ်ဖီ ကား ၁ စီးတိုက်ရယ် ပါပါတယ်ခင်ဗျ"
အဲဒီဒေသမှာ သမီးလေးရွာအပြင် လက်ကျဆိုတဲ့ရွာနဲ့အခြားရွာတချို့လည်း ဖျက်သိမ်းခံထားရပြီး၊ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေကြတာကိုတွေ့ရှိလို့ ကူညီခဲ့ကြတယ်လို့ ကိုနေမျိုးဇင်ကပြောပါတယ်။
"ကျနော်တို့က သမီးလေးရွာ သမီးလေးရွာလို့ ပြောနေကြတာ သမီးလေးရွာကနေ ဟိုးဘက်က လက်ကျဆိုတဲ့ရွာနဲ့အခြားရွာတွေလည်း ရှိသေးတယ်ဗျ၊ ထပ်ဖျက်ခံရတာလေ၊ ကျနော်တို့ လက်ကျရွာကို ရောက်သွားတယ်၊ အဲဒီမှာလည်း မိသားစု ၄၃ စု အတိဒုက္ခရောက်နေကြတယ်၊ သီဟိုပင်အရိပ်အောက်မှာ ဖြစ်သလို အိပ်နေကြတယ်၊ သူတို့က ပိုဆိုးတာက အရပ်ဝတ်နဲ့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လူအုပ်စုတွေက ရောက်ချလာပြီး သူတို့ရွာကိုဖျက်ဆီးခဲ့ပြီး သူတို့ိကို မောင်းထုတ်လိုက်တာ၊ သူတို့ရွာက ရိုးလေးရယ် ချောင်းလေးရယ် ဟိုဘက်မှာ"
အခုတွေ့ခဲ့ရတဲ့ သမီးလေးနဲ့လက်ကျရွာသားတွေထဲမှာ မြေပြင်ပေါ်မှာအိပ်နေရလို့နေထိုင်မကောင်းတဲ့ ကိုယ်ဝန်ဆောင် မိခင်တချို့အတွက် အရေးအပေါ်အကူအညီ လိုအပ်နေတယ်လို့လည်း ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က ပြောပါတယ်။
ရွာဖျက်ခံရလို့ စားဝတ်နေရေး ဒုက္ခရောက်နေတဲ့ လှည်းကူးမြို့နယ်ထဲက သမီးလေးရွာနဲ့ လက်ကျရွာသားတွေအကြောင်း သူတို့ကို မနေ့ကသွားကူညီခဲ့တဲ့ ကိုနေမျိုးဇင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။