တပ်အာဏာသိမ်းမှုကို အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကန့်ကွက်
2021.02.03
တပ်မတော်က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းပေါ်မှာ အာဏာသိမ်းယူတဲ့နည်းနဲ့ ဖြေရှင်း လိုက်တာကို ဆန့်ကျင်ကန့်ကွက်ကြောင်း NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အပစ်ရပ် ၁၀ဖွဲ့က ကြေညာလိုက်ပါတယ်။
အာဏာသိမ်းပြီးနောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာပဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေးကို ခေါ်ယူပြီး တပ်မတော် အာဏာသိမ်းတာကို ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်တာပါ။
အာဏာသိမ်းလိုက်တာဟာ ဒီမိုကရေစီ ပြုပြောင်းလဲရေးကို နောက်ပြန်ဆွဲနေတာကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပြီး ညှိနှိုင်းဆွေးနွေးတာမျိုး လုပ်သင့်တယ်လို့ PPST အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။
“ဒီမိုကရေစီအပြောင်းအလဲကိုသွားဖို့ လမ်းခုလပ်မှာရှိနေတဲ့ကာလမှာ အာဏာသိမ်းလိုက်တဲ့ ကိစ္စကတော့ ဒါက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို နောက်ပြန်ဆွဲစေပြီးတော့ ဖက်ဒရယ်ဆို ဝေးသွားတာပေါ့ဗျာ၊ ဒါက တစ်နိုင်ငံလုံးရဲ့ ရည်မှန်းချက်ကို လက်ခံထားတဲ့ ရည်မှန်းချက်ကနေ နောက်ပြန်ဆုတ်သွားတဲ့ သဘောကိုမြင်တဲ့အတွက်ကြောင့် ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ အကုန်လုံးပေါ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ချွင်းချက်မရှိပြန်လွှတ်ပေးပြီးတော့ ညှိနှိုင်းဆွေးနိုင်တဲ့ အခင်းအကျင်း ဖန်းတီးပြီးတော့ သွားသင့်တယ်ဆိုပြီး အကြံပြုထားတာပါ”
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းအတိုင်း ရပ်တည်ပြီး ဆောင်ရွက်မှာဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ခြွင်းချက်မရှိ ကြေညာပေးဖို့ တိုက်တွန်းကြောင်းလည်း အပစ်ရပ် ၁၀ ဖွဲ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
NCA လက်မှတ်ရေးထိုးရာမှာ တပ်မတော် ကိုယ်စားလှယ်တွေ၊ အစိုးရကိုယ်စားလှယ်တွေ ပါဝင်ပြီး လက်ရှိမှာ အစိုးရ ကိုယ်စားလှယ်တွေက မရှိတဲ့ သဘောဖြစ်သွားတာကြောင့် ငြိမ်းချမ်းရေးဟာ ရပ်ဆိုင်းသွားတဲ့ သဘောမျိုးဖြစ်နေနိုင်ပြီး အာဏာရယူထားတဲ့ တပ်မတော်အနေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးဖို့ လိုတယ်လို့ ပဒိုတာဒိုမှူးက ပြောပါတယ်။
အပစ်ရပ် ၁၀ ဖွဲ့ထဲမှာပါတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကလည်း တပ်မတော်က ဒီမိုကရေစီ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်တာဟာ ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေပြီး ဒီမိုကရေစီနဲ့ ဆန့်ကျင် တာကြောင့် အာဏာသိမ်းတာကို ကန့်ကွက်တယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။
“RCSS အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အချက်လေးချက်နဲ့ ထုတ်ပြန်ထားတယ်၊ ပထမအချက်အနေနဲ့ အာဏာသိမ်းတာဟာ ယုံကြည်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်တာကို ထိခိုက်စေတယ်ဆိုတဲ့အကြောင်း၊ ဒုတိယက RCSS က ဖက်ဒရယ်နဲ့ဒီမိုကရေစီအတွက် ပြည်သူလူထုနဲ့ တသားတည်းရပ်တည်သွားမယ်ဆိုတဲ့အကြောင်း၊ တတိယတချက်က အာဏာသိမ်းတဲ့အတွက် NCA ရပ်တန့်သွားနိုင်တယ်ဆိုတဲ့အကြောင်းနဲ့ နောက်ဆုံးတစ်ချက်က သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးတွေ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းတာ အဲလေးချက်ပါ”
NCA စာချုပ်အတိုင်း နိုင်ငံရေးဆွေးနွေးတဲ့အခါ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့နဲ့ တပ်မတော်အစုအဖွဲ့ဆိုပြီး ဒီအစုအဖွဲ့ အားလုံးက ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးပြီး နိုင်ငံရေး သဘောတူညီချက်ကို လွှတ်တော်မှာ ပေးပို့အတည်ပြုရတာဖြစ်ပါတယ်။
တပ်မတော်က အာဏာတစ်နှစ်သိမ်းထားပြီး လွှတ်တော်လည်း မရှိတာကြောင့် နိုင်ငံရေး ဆွေးနွေးပွဲက ရလဒ်တွေ အတည်ပြုလို့ ရနိုင်တာကြောင့် တစ်နှစ်အတွင်း နိုင်ငံမဖြစ်နိုင်ဘူးလို့ RCSS က ယူဆကြောင်း ဗိုလ်မှူး ခမ်းစံက ပြောပါတယ်။
အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ FPNCC အဖွဲ့ ကလည်း တပ်မတော် အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေ ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တပ်မတော် အာဏာသိမ်းတာကို ကန့်ကွက်တာ၊ အရပ်သားတွေ ရွေးချယ်တင်မြှောက်တဲ့ အစိုးရမရှိတော့တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ထိခိုက်မလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။
လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တပ်မတော်ကဖွဲ့စည်းထားတဲ့ အစိုးရသစ်အပေါ် မူူတည်နေတယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျု MIPS အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
“အာဏာသိမ်းပြီးတတ်လာတဲ့ အစိုးရက အစိုးရတရပ်ဖြစ်သွားရင် သူတို့က NCA ပေါ်မှာ ဘယ်လိုသဘော ထားလဲ၊ အရင်ထိုးခဲ့တဲ့အချက်တွေပေါ်မှာ ဘယ်လိုသဘောထားလဲ၊ အရင်တုန်းက ညှိထားခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ်မှာ ဘယ်လိုသဘောထားလဲ ဒီဟာပေါ်မှာ မူတည်နေလိမ့်မယ်၊ အကယ်လို့ အခုအစိုးအနေနဲ့ ပြီးခဲ့တဲ့ထိုးခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်တွေကို အသိအမှတ်ပြုတယ် NCA ကိုလည်း ဆက်လက်ဆောင်ရွက်မယ် သဘောတူညီခဲ့တဲ့ထဲမှာပါတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီချက်တွေကိုလည်း ဆက်လက်ဆောင်ရွက်မယ်ဆိုရင်တော့ EAO တွေနဲ့ ခုအစိုးရကြားမှာ ငြိမ်းချမ်းရေးဖြစ်စဉ်က ဆက်သွားနေမယ့် အလားအလာတော့ရှိတယ်”
ကပ်ရောဂါ COVID-19 ကြောင့်နဲ့ လက်ရှိ နိုင်ငံရေး ပြဿနာအပေါ် အင်အားသုံး ဖြေရှင်းတာကြောင့် ပြည်သူလူထုတစ်ရပ်လုံး တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို သဘောပေါက်နားလည်ပြီး ပြည်သူလူထုနဲ့အတူ ပူးပေါင်းဖြေရှင်းသွားမယ်လို့လည်း အပစ်ရပ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း လက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့လည်း အပစ်ရပ်အဖွဲ့တွေက တောင်းဆိုထားပါတယ်။