ပြည်သူတွေကိုသတ်ဖြတ်နေတာ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို NCA အပစ်ရပ် ၁၀ ဖွဲ့တောင်းဆို

စောဖိုးခွား
2021-04-04
Share
ပြည်သူတွေကိုသတ်ဖြတ်နေတာ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို NCA အပစ်ရပ် ၁၀ ဖွဲ့တောင်းဆို မတ်လ ၁၀ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖြိုခွဲခဲ့စဉ်။
Photo: RFA

လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က နှစ်ရက်တာ အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ လက်နက်မဲ့ပြည်သူလူထုကို စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်၊ ပစ်ခတ်နှိမ်နင်းတာတွေ ချက်ချင်းရပ်ဖို့နဲ့ ဖမ်းဆီးထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

ဒါ့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီး ဖျက်သိမ်းလိုက်တဲ့အပေါ် ကြိုဆိုထောက်ခံကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

CRPH က ထုတ်ပြန်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကိုလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

ပြည်သူလူထုတစ်ရပ်လုံး ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး အပါအဝင် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM)ကို ဆက်လက်ပံ့ပိုး ကူညီသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PPST) မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့