တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံလိုကြောင်း တောင်းဆိုထားတယ်လို့ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးစင်တာ NRPC မှာ ကျင်းပတဲ့ ညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ အစည်းအဝေးအပြီးမှာ ဦးလှမောင်ရွှေက ပြောခဲ့တာဖြစ်ပါတယ်။
"လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ကျနော်တို့ကော်မတီနဲ့ ပြည်တွင်းမှာလာတွေ့ဖို့နဲ့ လိုအပ်ရင်တော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့တွေနဲ့ တွေ့ဖို့ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့လိုပါတယ် ဆိုတဲ့ဟာတော့ ရှိတယ်၊ ကျနော်တို့လည်း တင်ပြထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တွေ့မှာပါ၊ ဒီလထဲ လည်း ဖြစ်သွားနိုင်ရင် ဖြစ်သွားနိုင်တယ်၊ ဒါကတော့ နှစ်ဘက်ညှိနှိုင်းရမှာပေါ့၊ ကျနော်တို့က ဒီလမကုန် ခင်တွေ့နိုင်ဖို့ မျှော်လင့်ထားပါတယ်"
ညီလာခံအကြို ပြင်ဆင်ရေး အစည်းအဝေးကို ၄ ရက်ကြာ ကျင်းပမှာဖြစ်ပြီး NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ထဲက ၇ ဖွဲ့ က ကိုယ်စားလှယ်တွေနဲ့ အစိုးရဘက်က ဆပ်ကော်မတီ (၁) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ခဲ့ပါတယ်။
ဒီနေ့ စတင်ကျင်းပတဲ့ အစည်းအဝေးမှာ ၂၁ ရာစု ပင်လုံညီလာခံအတွက် ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်တွေ ပြန်လည်ပြင်ဆင်ဖို့ နဲ့ NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းမိုင်မြို့မှာ သွားရောက်ဆွေးနွေးခဲ့တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ဒေါက်တာတင်မျိုးဝင်းက ဦးဆောင်တဲ့ အကြိုပြင်ဆင်ရေးကော်မတီ ကို ပြီးခဲ့တဲ့ မေလက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ဆပ်ကော်မတီ ၁ နဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင် တဲ့ ဆပ်ကော်မတီ ၂ ကိုလည်း ဖွဲ့စည်းထားပါတယ်။
