အပစ်ရပ်စဲ သဘောတူညီချက် မူကြမ်းသစ် ရေးဆွဲမည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးကနေ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း တစ်ရပ်ကို အစိုးရနဲ့အတူ ထပ်မံပြင်ဆင်ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြပြီး၊ အဲဒီအတွက် ပါဝင်ရေးဆွဲကြမယ့် ကိုယ်စားလှယ်တွေကိုလည်း ရွေးချယ်ခဲ့ကြပါတယ်။

အစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက RFA ကို အခုလို ပြောပါတယ်။

"ဆုံးဖြတ်ချက်အနေနဲ့ကျထားတော့ ကျနော်တို့ဘက်ကမြင်ထားတဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးပေါ့ဗျာ၊ ကျနော်တို့ဘက်က အဆိုပြုတဲ့စာသားရော သူတို့ဘက်က အဆိုပြုတဲ့စာသားမှာရော ကျနော်တို့ လက်ခံလိုက်တဲ့ဟာတွေပေါ့နော်၊ အဲဒါတွေကို စုပြီးတော့မှ နည်းနည်းပြင်ဆင်ထားတာပေါ့ဗျာ၊ အဲဒါတစ်ချက်ရယ်၊ နောက်ပူးပေါင်းမူကြမ်းတစ်ခု ရေးဖို့ဆိုတဲ့အပိုဒ်မှာ ကျနော်တို့ ကိုယ်စားလှယ် ၉ ဦးကို လွှတ်ဖို့ကိစ္စကတော့ ကျနော်တို့ ကိုယ်စားလှယ်တချို့ကိုတော့ ရွေးထားပြီးပြီဗျ၊ ၆ ယောက်ကိုတော့ အမြဲတမ်းသဘောဆောင်တယ်၊ ကျန်တာ ၃ ခုကိုတော့ နည်းနည်းအပြောင်းအလဲတွေလုပ်မယ်လေ၊ ကျန်တာကတော့ လုပ်ငန်းစဉ်တွေကို ညှိနှိုင်းဆဲသဘောပါ"


တိုင်းရင်းသားခေါင်းဆောင်တွေဘက်က မူကြမ်းညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်အဖြစ် ပဒို စောကွယ်ထူးဝင်းကို ရွေးချယ်ခဲ့ပြီး၊ အမြဲတမ်းအဖွဲ့ဝင်တွေအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဦးရွှေမျိုးသန့်နဲ့ ဦးထွန်းဇော်တို့ကို ရွေးချယ်ခဲ့ကြပါတယ်။ ဦးနိုင်ဟံသာနဲ့ ဗိုလ်ချူပ် ဆမ်လွမ်ဂွမ်မော်တို့ကတော့ အလုပ်တာဝန်များပြားတာကြောင့် တစ်ဦးမဟုတ်တစ်ဦး လိုက်ပါသွားမှာဖြစ်ပြီး၊ ကျန်တဲ့ခေါင်းဆောင်တွေ အလှည့်ကျပုံစံမျိုး အပြောင်းအလဲလုပ်သွားဖို့ သဘောတူခဲ့ကြတယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။

မူကြမ်းရေးဆွဲရေးအဖွဲ့ကို ဒေါက်တာ ဆလိုင်းလျန်းမှုန်းဆာခေါင်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ဦးရွှေမျိုးသန့်တို့ သုံးဦးကို တာဝန်ပေးရွေးချယ်ခဲ့ကြတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

"ကျနော်တို့ ဒီ Draft Team Committee ကိုလည်း ဖွဲ့လိုက်တယ်လေ၊ Draft ကိုဆွဲပြီး ကျနော်တို့မူကြမ်းနဲ့ အစိုးရဘက်ကရတဲ့ မူကြမ်းတွေကို ပြန်ယှဉ်ပြီးတော့ အဲဒါ Draft ပြန်လုပ်မှာဖြစ်ပါတယ်၊ မူကြမ်းဖြစ်ဖို့အတွက်ရေးတဲ့နေရာကိုး၊ ကိုယ့်မူပဲကိုယ်ကိုင်လို့တော့ ဘယ်ရတော့မလဲ၊ ကျနော်တို့ကြည့်ပြီးတော့ ကျနော်တို့ယှဉ်ပြီးတော့ ရေးရမှာပေါ့၊ Draft Team မှာ ကျနော်တို့ အစိုးရနဲ့ညှိရမှာကိုး"

အစိုးရဖက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းနဲ့ လောခီးလာ မူကြမ်း နှစ်ခုကို တစ်ခုတည်း ပေါင်းလိုက်ပြီး၊ ရရှိလာတဲ့မူကြမ်းကို လာမည့် ဧပြီလ ပထမသီတင်းပတ်မှာ NCCT ခေါင်းဆောင်တွေ ပြန်လည်တွေ့ဆုံကြမှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲကနေ ဆုံးဖြတ်ချက်ချမှတ်နိုင်ရင် အစိုးရဖက်က မူကြမ်းရေးဆွဲရေးအဖွဲ့ဝင် ၉ ဦးနဲ့ စတင်တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။