မောင်တောက စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေ

RFA Burmese
2024.08.17
မောင်တောက စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကယ်ထုတ်ပေးခဲ့သည်ကို AA က ထုတ်ပြန်ထားစဉ်။
Telegram/AA Info Desk

ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ကယ်ထုတ်ထားပေးထားတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းနီးပါးအထိ ရှိလာနေပြီး လက်ရှိမှာ ဒုက္ခသည်တွေအတွက် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဩဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒုက္ခသည်တွေဟာ စစ်ဘေးနဲ့ ရေဘေးကို တစ်ပြိုင်နက်တည်း ကြုံတွေ့နေရပြီး ရေကြီးခြင်းရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ သောက်သုံးရေ မသန့်တာကြောင့် ဝမ်းရောဂါ အဖြစ်များနေတယ်လို့လည်း ဆိုပါတယ်။ ဒီရက်ပိုင်းအတွင်း ဝမ်းရောဂါကြောင့် လူငါးဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။မောင်တောဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ဝမ်းရောဂါနဲ့ဆိုင်တဲ့ ဆေးဝါးတွေအပြင် အထွေထွေရောဂါတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့တွေအနေနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးဖို့ အရေးပေါ်အကူအညီတောင်းခံတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) ဟာ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို မောင်တောတိုက်ပွဲအတွင်းက ကယ်ထုတ်ထားပြီးနောက် မောင်တောမြို့က ရပ်ကွက်တချို့ကို ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အခြေအနေတွေ ဆိုးရွားနေတယ်လို့ ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။