စစ်တွေနဲ့ ကျောက်ဖြူက ဒုက္ခသည်စခန်း ၄ ခုကို ပိတ်မည်

ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့တွေမှာရှိတဲ့ မွတ်စလင်တွေနေထိုင်တဲ့ IDP ကယ်ဆယ်ရေးစခန်း ၄ ခုကို ပိတ်သိမ်းဖို့ ညှိနှိုင်းနေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးက ဒီနေ့ ပြောပါတယ်။

လက်ရှိမှာ ညှိနှိုင်းနေဆဲဖြစ်တာကြောင့် နေအိမ်တွေ ဆောက်လုပ်တဲ့အဆင့်ကို မရောက်သေးဘူးလို့ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ပြောပါတယ်။

"ဒီစစ်တွေက သက္ကယ်ပြင် IDP စခန်း၊ နောက်တစ်ခါ ခေါင်းဒုက္ကာ(၁)(၂)ပေါ့နော်၊ နောက် တစ်ခါ ကျောက်ဖြူ ကပေါ့နော် ကျောက်တစ်လုံး IDP စခန်း။ အဲဒါတွေက အခုမှညှိနှိုင်းဆဲအနေအထားပဲ ရှိသေးတယ်။ အိမ်တွေဘာတွေ ဆောက်တဲ့အဆင့်ထိ လုပ်ငန်းမရောက်သေးဘူးပေါ့နော်။ ပိတ်သိမ်းဖို့ အတွက် ညှိနှိုင်းနေတဲ့ အနေအထားပဲရှိသေးတယ်။ ကျောက်တော်က နိဒင် IDP စခန်းနဲ့ မြေပုံ က တောင်ပေါ် IDP စခန်းကတော့ ကျနော်တို့ ပြန်လည်နေရာချထားနေပြီ။ အိမ်တွေဆောက်ပေးနေပြီ။ ဘယ်လောက်ထိပြီးပြီလဲဆိုတော့ ကျောက်တော် နိဒင် IDP စခန်းဆို နေအိမ် ၈၅ လုံး၊ မိသားစု ၈၅ စု အတွက် အိမ် ၈၅ လုံးဆောက်တာ အကုန်နီးပါးပြီးနေပြီလို့ဆိုရမှာပေါ့နော်။ အဲတော့ မိသားစုတွေ စပြီးပြောင်းနေပြီ"

ဒုက္ခသည်တွေဘက်က သူတို့မူလနေထိုင်ခဲ့တဲ့နေရာတွေမှာပြန်လည်နေရာချထားဖို့ တင်ပြမှုတွေရှိပေမယ့် အဲဒီအချက်ကို တိတိကျကျဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

လက်ရှိမှာ ကျောက်တော်မြို့နယ် နိဒင်ကျေးရွာက မိသားစု ၈၅ စုရှိတဲ့ IDP ကယ်ဆယ်ရေးစခန်းကို ပိတ်သိမ်းဖို့အတွက် နေအိမ်တွေအားလုံးနီးပါး ဆောက်လုပ်ပြီးစီးနေပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက မိသားစုတွေ စတင်ပြောင်းရွှေ့နေကြပြီလို့သိရပါတယ်။

ဒါ့အပြင် ဒုက္ခသည် သုံးထောင်ကျော်ရှိတဲ့ မြေပုံ IDP ကယ်ဆယ်ရေးစခန်းအတွက် နေအိမ် ၆၀၀ လောက်ဆောက်လုပ်မှာဖြစ်ပြီး လက်ရှိမှာ နေအိမ်အလုံးရေ ၁၀၀ လောက်ပြီးစီးနေပြီဖြစ်တာကြောင့် မိသားစုတွေပြောင်းရွှေ့နေထိုင်နေကြပြီလို့ ဆိုပါတယ်။

အဲဒီ မွတ်စလင် IDP ကယ်ဆယ်ရေးစခန်းတွေအားလုံးဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဖွင့်လှစ်ထားခဲ့ရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က IDP ကယ်ဆယ်ရေးစခန်းတွေကို ပိတ်သိမ်းဖို့ကြိုးပမ်းရာမှာ အားလုံးနဲ့အဆင်ပြေအောင် ညှိနှိုင်းရတဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့လည်း ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန် ကပြောပါတယ်။