ပုသိမ်မှာ နေအိမ်အပြင်ထွက်ကတ်အသစ် ထပ်ထုတ်ပေးနေ၊ မပါသူတွေကို ဒဏ်ငွေရိုက်

စိုးသိမ်း
2020.12.13

နေအိမ်မှာ နေထိုင်ရေး Stay at Home သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ နေအိမ်အပြင်ထွက်ကတ် မပါသူတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး စစ်ဆေးရေးဂိတ် ၁၅ ခု ဖွင့်လှစ်စစ်ဆေးပြီး ဒဏ်ငွေ ရိုက်နေပါတယ်။

မြို့ပေါ်ရပ်ကွက် ၁၅ ခုက နေအိမ်တွေကို အရင်ထုတ်ပေးထားတဲ့ကတ်တွေကို အသုံးပြုခွင့်မပေးတော့ဘဲ ကတ်အသစ်တွေ ထပ်ထုတ်ပေးပြီးတော့ စစ်ဆေးအရေးယူနေတာဖြစ်တယ်လို့ အမှတ် (၃) ကြီးကြပ် စစ်ဆေးရေးဂိတ် တာဝန်ခံ ဦးတင်မောင်ဦးက ပြောပါတယ်။

"ပထမ ကတ်တွေက တချို့တွေ အဆင်ပြေသလို သွားလာနေကြတော့ ဖောင်းပွတာတွေရှိတယ်။ မလိုအပ်ဘဲနဲ့ ကတ်တွေကို လူလဲပြီး အသုံးပြုတာတွေလည်း ရှိတာပေါ့။ မလိုအပ်ဘဲနဲ့ မသွားသင့်တဲ့နေရာ လူစုတဲ့နေရာကို သွားတယ်။ အဆင်ပြေသလို လုပ်ကိုင်ကြတော့ ရောဂါပိုးပျံ့နှံ့တာပေါ့။ ဒါကိုထိန်းချုပ်တဲ့ အနေနဲ့ ဒီစီမံကိန်းကြီးကို အစိုးရက အကောင်အထည်ဖော်တဲ့အချိန်မှာ ကတ်ဟောင်းတွေကို ပယ်ဖျက်လိုက်ပြီးတော့မှ ကတ်အသစ်တွေကို အစားထိုးပြီး ကတ်အသစ်နဲ့သာ သွားလာလှုပ်ရှားလို့ရမယ်။ မဖြစ်မနေ သွားလာရမယ့် ပုဂ္ဂိုလ်တွေပေါ့။"

ပုသိမ်မြို့မှာ ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ Stay at Home လုပ်ငန်းစဉ်တွေကို တိတိကျကျ အကောင်အထည်ဖော်တာလို့ ဦးတင်မောင်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့ နဲ့ ၁၀ ရက်နေ့တွေမှာ စစ်ဆေးရေးဂိတ်တွေ စတင်ဖွင့်လှစ် ပညာပေးခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်အရေးယူနေတာပါ။

ရပ်ကွက်ကနေ ကတ်အသစ် ထုတ်မပေးသေးလို့ ကတ်အဟောင်းနဲ့သွားတာကို အဖမ်းခံရတာတွေရှိတယ်လို့ ပုသိမ်ဒေသခံ ဦးချစ်စမ်းမောင် က ပြောပါတယ်။

"မနေ့ကအထိ ကျနော်တို့ ကတ်မရသေးဘူး။ ခုနလေးကမှ ကျနော်တို့ ကတ်ရတယ်။ မနေ့က ကျနော်တို့ လမ်းထဲက ကလေးတစ်ယောက်ဆိုရင် ကတ်မပါလို့ ဆိုပြီး ကတ်အဟောင်းပြပေမယ့် သူတို့က မရဘူးလို့ ပြောပြီးတော့ သုံးထောင် ဆောင်ခိုင်းတယ်ပေါ့။ ကလေးကလည်း သိပ်မပြောတတ်၊ မဆိုတတ်ဆိုတော့ သုံးထောင် ပေးခဲ့လိုက်တယ်ပေါ့၊ အဲဒီလို အခက်အခဲတွေတော့ ရှိတယ်ပေါ့။"

ပုသိမ်မြို့က စစ်ဆေးရေးဂိတ်တွေက အပြင်ထွက်ကတ်အသစ် မပါတဲ့သူတွေကို ဒဏ်ငွေ သုံးထောင်ကျပ် ဆောင်ခိုင်းတာဖြစ်ပြီး နောက်တစ်ကြိမ် ကျူးလွန်ရင် ဒဏ်ငွေတိုးတာနဲ့ တရားရုံးမှာ တရားစွဲတာတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရပ်ကွက်ထဲက နေအိမ်တွေကို အပြင်ထွက်ကတ်အသစ် အချိန်မီ ထုတ်မပေးနိုင်တဲ့အခြေအနေကို ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟန်မြင့်က အခုလို ပြောပါတယ်။

"အချိန်မီ မရောက်နိုင်သေးတာက ကျနော်တို့ ဒီကတ်တွေကို ထုတ်တဲ့ အချိန်တုန်းက ၁၀ ရက်နေ့ ညမှာ ကျနော်တို့ဆီကို ၄၂၁၇ ကတ်ကို ည ၈ နာရီလောက်မှ ရတယ်။ မနက်ကျတော့လည်း ဒီမှာ စစ်ရမယ့် အနေအထားမျိုးတွေ ဖြစ်နေတော့ ကျနော်တို့က ညတွင်းချင်းပဲ ရာအိမ်မှူးတွေကို အစည်းအဝေး ခေါ်ပြီးတော့ ကတ်တွေ ရသလောက်ဖြန့်ဖို့ လုပ်တဲ့အခါကျတော့ တချို့လည်း ရသွားတယ်။ တချို့လည်း မရသေးတာတွေ ရှိတယ်။"

ကတ်အသစ်မရသေးလို့ ကတ်အဟောင်းနဲ့ သွားလာနေသူတွေကိုလည်း စိစစ်ပြီး အရေးယူတာကနေ ကင်းလွတ်ခွင့် ပေးနေသေးတယ်လို့လည်း ဦဟန်မြင့်က ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း ကိုဗစ်နိုင်တီးန်ရောဂါ ပထမလှိုင်းတုန်းက အတည်ပြုလူနာ နှစ်ဦးသာရှိခဲ့ပေမယ့် ဒုတိယလှိုင်းမှာတော့ ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေ့လူနာ ၃၅၀၈ ဦး အထိ ရှိလာပြီ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၃၅၀၈ ဦးထဲမှာ ဆေးရုံဆင်းခွင့် ရရှိသူက ၂၇၅၂ ဦး ရှိပြီး သေဆုံးသူ ၂၅ ဦး ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။