ပိုပြင်းထန်ပြီး ကူးစက်မြန်တဲ့ ကိုဗစ်ဗီဇပြောင်းပိုး မြန်မာနိုင်ငံမှာ ရှိနေ

2021.06.15
ပိုပြင်းထန်ပြီး ကူးစက်မြန်တဲ့ ကိုဗစ်ဗီဇပြောင်းပိုး မြန်မာနိုင်ငံမှာ ရှိနေ ချင်းပြည်နယ် ကျီခါးမြို့မှာ မေလ ၃၁ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ခံရလို့ ဆုံးပါးသွားသူတဦးကို သဂြိုဟ်ရန် သယ်ဆောင်လာစဉ်။
Photo: Reuters

ကိုဗစ်၁၉ မျိုးရိုးဗီဇပြောင်း ပိုးတွေ့ရှိသူတွေ မြန်မာနိုင်ငံမှာရှိလာနေလို့ ကျန်းမာရေးသတိနဲ့နေထိုင်ကြဖို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ကြေညာပါတယ်။ စုစုပေါင်း ၁၁ဦးတွေ့ရှိထားပြီး ကလေးမြို့မှာ တစ်ဦး၊ မြိတ်မြို့မှာ သုံးဦး၊ မန္တလေးမှာ လေးဦး၊ တမူးမြို့မှာ နှစ်ဦးနဲ့ ရန်ကုန်မြို့က ပြည်ပပြန် တစ်ဦးမှာတွေ့ရှိကြောင်း မြန်မာ့ရုပ်မြင်သံကြားမှာ မနေ့က ကြေညာပါတယ်။

တွေ့တဲ့ဗီဇပြောင်းပိုးက Alpha, Delta နဲ့ Kappa တို့ဖြစ်ပါတယ်။ ဒီပိုးတွေကို စတင်တွေ့ရှိတဲ့ နိုင်ငံတွေက အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အိုင်ယာလန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာ ဖြစ်ပါတယ်။

အခုတွေ့ရှိတဲ့ ဗီဇပြောင်း ပိုးတွေဟာ ကူးစက်ပျံ့နှံ့မှု ပိုမြင့်ပြီး ရောဂါပြင်းထန်ပြီး သေဆုံးနိုင်ခြေပိုများတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အသိပေးထားပါတယ်။ မနေ့က ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၂၂၅ ယောက် ထပ်ပြီးတိုးလာလို့ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း တသိန်းလေးသောင်းခြောက်ထောင် ကျော်ရှိသွားပါပြီ။

အဲဒီအထဲက ဆေးရုံကဆင်းခွင့်ရသူ တသိန်းသုံးသောင်းသုံးထောင်ကျော်ရှိပါတယ်။ ကိုဗစ်ကြောင့်သေဆုံးသူ စုစုပေါင်းက မြန်မာနိုင်ငံမှာ ၃၂၄၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။