ရှမ်းတောင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားအသစ်တွေ ပိုသုံးလာနေကြောင်း PNLO ပြော

RFA Burmese
2025.01.19
ရှမ်းတောင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားအသစ်တွေ ပိုသုံးလာနေကြောင်း PNLO ပြော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၆) တွင် PNA ဦးစီးဖွင့်လှစ်သည့် စစ်သင်တန်းဆင်းပွဲကို ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်နေ့က ကျင်းပစဉ်။
Facebook/ Pa-O National Army

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အပါအဝင် ပအိုဝ်းဒေသ ဆီဆိုင်၊ ပင်လောင်းမြို့နယ်တွေက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က တပ်သားသစ်တွေ ပိုအသုံးပြုလာတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အထွေထွေအတွင်းရေးမှူး ခွန်အောင်မန်းက ဇန်နဝါရီလ ၁၉ ရက်နေ့မှာ RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားအသစ် အများစုဟာ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံထားရတဲ့ ပအိုဝ်းဒေသခံတွေဖြစ်သလို တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ ပါဝင်ပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင် ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။

ရှေ့တန်းစစ်မြေပြင် တိုက်ပွဲတွေမှာ လူသစ်စုဆောင်းခံထားရပြီး ရက်တို စစ်သင်တန်းပေးထားတဲ့ ပအိုဝ်းလူထုတွေကို အသုံးပြုလာတာလို့ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။

"မြေပြင်ထိုးစစ်ဆင်တဲ့နေရာမှာ စစ်ကောင်စီက ကွပ်ကဲတဲ့အပိုင်း၊ လေယာဉ်ပစ်ကူ၊ လက်နက်ကြီး ပစ်ကူတဲ့အပိုင်းကို လုပ်ဆောင်ပြီးတော့မှ မြေပြင်ထိုးတာကတော့ အတင်းအဓမ္မ စစ်သားကောက်ယူထားတဲ့ ပအိုဝ်းရွာသားတွေနဲ့ ထိုးစစ်ဆင်ခိုင်းတာပေါ့လေ။ အဲဒီလို ထိုးစစ်ဆင်ခိုင်းတဲ့အခါကျတော့ အကျအဆုံးတွေ အများကြီးရှိပါတယ်"

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေ အသုံးပြုတာကိုလည်း တွေ့နေရတယ်လို့ ခွန်အောင်မန်းက ပြောပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်တဲ့ကာလမှာ လူသစ်တွေကို ရက်တိုသင်တန်းတွေပေးပြီး ရှေ့တန်းကိုလွှတ်နေတယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုသင်တန်းတွေက သုံးလတောင် မပြည့်တော့ဘူး။ ရက်နှစ်ဆယ်ပေးတယ်။ တချို့နေရာမှာကျတော့ ရွာစောင့်ဖို့ဆိုပြီး ငါးရက်သင်တန်း ပေးတယ်။ သင်တန်းဆင်းပြီး ရှေ့တန်း တစ်လ ပို့လိုက်တယ်။ အဲဒီတော့ ကလေးတွေ ထိခိုက်သေဆုံးတာများတယ်။ မလိုက်လည်းမရဘူး။ တစ်ရွာကို အလှည့်ကျ နှစ်ယောက်၊ သုံးယောက် ပုံမှန်ခေါ်တာ။ မလိုက်နိုင်ရင် ၁၀ သိန်း၊ ၁၅ သိန်း ပေးရမယ်"

ဇန်နဝါရီလ ၁၇ ရက်နေ့က ဖြစ်ပွားတဲ့ ဆီဆိုင်မြို့နယ် ဖြီကျွတ်ကျေးရွာအနီး တိုက်ပွဲမှာလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ရာနဲ့ချီ သေဆုံးခဲ့သလို အများစုဟာ လူသစ်စုဆောင်းခံရသူတွေဖြစ်တယ်လို့ PNLO ဘက်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ သဘောထားကိုသိနိုင်ဖို့ ရှမ်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ရဲ့ အဓမ္မ လူသစ်စုဆောင်းမှုတွေကြောင့် သောင်းနဲ့ ချီတဲ့ ပအိုဝ်းလူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို ထွက်ပြေးနေကြရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။