အမျိုးသားဒီမိုကရေစီပါတီသစ် မဲဆန္ဒနယ် ၃၀ မှာ ယှဉ်ပြိုင်မည်


2015.08.09
u-theinnyunt-620.jpg ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်ကို တွေ့ရစဉ်
Photo: RFA

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီပါတီသစ်ကနေ ကိုယ်စား လှယ်လောင်း ၃၀ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီဥက္ကဌ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြောပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးသိန်းညွှန့်က သူတို့ပါတီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်စဉ်မှာ ပြောခဲ့တာဖြစ်ပါတယ်။

"အဓိကကတော့ ကျနော်တို့ ပါတီအခြေစိုက်စခန်းရှိတဲ့မြို့နယ်တွေကိုကျတော့ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်အပြင် အမျိုးသားလွှတ်တော် ပါဝင်ရွေးခံမယ်၊ ဥပမာ တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းက ကျနော်တို့ပါတီအခြေ စိုက်အဖွဲ့ရှိတယ်၊ အဲ့ဒါကြောင့် ရဲမင်းသိန်း ခေါ် အဆိုတော် ရသကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ်၊ အဲ့မှာ ကျနော်တို့ ၇ နေရာပေါ့၊ အဲ့လိုဘဲ ကျနော်တို့ သင်္ဃန်းကျွန်း၊ သာကေတ၊ ကျနော်တို့ အခြေစိုက် စခန်းတွေ ရှိတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ်ပေါ့၊ အရွေးခံမယ်"

အမျိုးသားဒီမိုကရေစီပါတီသစ်ကနေ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ ၂၀၁၀ ရွေးကောက်ပွဲ ကတည်းက လွှတ်တော်ထဲရောက်ရှိခဲ့တဲ့ ဦးသိန်းညွှန့်၊ ဦးကျော်နဲ့ ဒေါ်စန်းစန်းမြင့်တို့ ပြန်ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ် သလို ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ဥပဒေဘွဲ့ရ ကိုယ်စားလှယ်လောင်းတွေ လည်း ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီပါတီသစ်ကနေ ပြည်သူ့လွှတ်တော် အတွက် ကိုယ်စားလှယ် ၈ ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စား လှယ် ၃ ဦးနဲ့ တိုင်းဒေသကြီးအတွက် ကိုယ်စား လှယ် ၁၇ ဦး စုစုပေါင်း ၂၈ ဦး ဝင်ရောက်ယှဉ် ပြိုင်ဖို့လျာထားတယ် လို့ ပြောပါတယ်။

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၃၀ နီးပါးမှာ အမျိုးသမီးကိုယ်စားလှယ် လောင်း ၇ ဦး ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွှန့်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က တွေ့ဆုံမေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။