စစ်ကောင်စီနဲ့ဆက်စပ်တဲ့ ကုမ္ပဏီ ၁၈ ခုမှာ နိုင်ငံတကာဘဏ် ၉ ခု ပါဝင်ပတ်သက်နေ
မြန်မာစစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ကုမ္ပဏီတွေမှာ နိုင်ငံတကာဘဏ်ကြီး ၉ ခုက အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော် ရင်းနှီး မြှုပ်နှံထားတာ တွေ့ရှိရတယ်လို့ Justice For Myanmar အဖွဲ့က မေလ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။။
မြန်မာစစ်အာဏာရှင်တွေနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းကြီး စုစုပေါင်း ၁၈ ခုမှာ ဒီဘဏ်ကြီး ၉ ခုက ရင်းနှီးမြှုပ်နှံထားကြတာလို့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေတဲ့ နယ်သာလန်အခြေစိုက် BankTrack အဖွဲ့နဲ့ Justice For Myanmar အဖွဲ့ရဲ့ ပူးတွဲ သုတေသနတွေ့ရှိချက် အသစ်တွေကို ကိုးကား ထုတ်ပြန်လိုက်တာပါ။။
အဲဒီကုမ္ပဏီတွေဟာ မြန်မာစစ်တပ်နဲ့ရော၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ အစိုးရ ဌာနတွေနဲ့ပါ စီးပွားရေးလုပ်ငန်းတွေကို ကာလကြာရှည် တိုက်ရိုက်ဆက်သွယ် လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။
ဒီကုမ္ပဏီကြီး ၁၈ ခုမှာ နိုင်ငံတကာဘဏ်တွေ ဖြစ်တဲ့ Mitsubishi UFJ Financial Group (MUFG)၊ Sumitomo Mitsui Financial Group (SMFG)၊ JPMorgan Chase၊ UBS၊ Credit Suisse၊ Morgan Stanley၊ Bank of America၊ Wells Fargoနဲ့ BNP Paribas တို့က အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ရှယ်ယာတွေ အသီးသီး ပိုင်ဆိုင်ထားကြတယ်လို့လည်း ဆိုပါတယ်။
အဲဒီကုမ္ပဏီ ၁၈ ခုထဲမှာ မြန်မာစစ်တပ်ကို ကာကွယ်ရေးပစ္စည်းတွေ ရောင်းချနေတဲ့ Bharat Electronics Inc၊ မြန်မာစစ်တပ်နဲ့ အနီးကပ်ဆုံး စီးပွားဘက်ဖြစ်တဲ့ POSCO နဲ့ Chevron, Shell, Total အပါအဝင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ ၈ ခု ပါဝင်ပါတယ်။။
မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ဟာ Myanmar POSCO C&C နဲ့ POSCO တို့နဲ့ ဖက်စပ်လုပ်ငန်း လုပ်ကိုင်နေတာဖြစ်ပြီး လုပ်ငန်းအမြတ် ခံစားရတဲ့ မြန်မာစစ်တပ် အရာရှိတွေထဲက တချို့ဟာ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်ထားကြသူတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။။
နိုင်ငံတကာဘဏ်တွေအနေနဲ့ အဲဒီကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာတွေ ရုပ်သိမ်းဖို့၊ စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ အစိုးရ ဌာနဆိုင်ရာတွေနဲ့ ငွေပေးချေမှုတွေ မလုပ်ဖို့ ပူးတွဲသုတေသန ပြုလုပ်ခဲ့တဲ့ BankTrack အဖွဲ့နဲ့ Justice for Myanmar အဖွဲ့တို့က တောင်းဆိုထားပါတယ်။