ပေါက်မြို့က စစ်ဘေးဒုက္ခသည် ကိုးဦး လက်နက်ကြီးထိမှန် သေဆုံး

2022.04.17
ပေါက်မြို့က စစ်ဘေးဒုက္ခသည် ကိုးဦး လက်နက်ကြီးထိမှန် သေဆုံး မကွေးတိုင်း ပေါက်မြို့နယ်၊ တံစူးရွာမှ လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့် မလှမျိုးနွယ်နှင့် မလှမျိုးကြွယ်တို့အား တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ပေါက်မြို့နယ်၊ တံစူးရွာက စစ်ဘေးဒုက္ခသည် ကိုးဦးဟာ ဧပြီလ ၁၂ ရက် ညနေ ၄ နာရီခန့်က လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့က စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ ကျော်ခန့်ဟာ တံစူးရွာကိုရောက်လာပြီး ရွာပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"တံစူးက ကိုးယောက် သေတယ်ဗျ။ နှစ်ယောက်က အပြင်းအထန်ဒဏ်ရာရတယ်။ စစ်ကောင်စီတပ်က ပစ်တဲ့လက်နက်ကြီးကျပြီး ထိတာ။ အဲဒီနေ့က သူတို့ ကိုင်းမရွာကို ပြောင်းတာ စစ်ကောင်စီတွေက။ အဲဒါမှာ စစ်ဘေးရှောင်တွေ ရွာထဲမှာ မနေရဲဘဲ ကြုံတဲ့နေရာတွေမှာနေတာကို လက်နက်ကြီးနဲ့ လှမ်းပစ်တော့ ထိသွားတာဗျ"

တံစူးရွာက မဇင်ဇင်အောင် ၁၆ နှစ်၊ ဒေါ်ခင်သန်းနု ၄၇ နှစ်၊ ဒေါ်စန်းထွေး ၇၅ နှစ်၊ မမိုးလှိုင် ၂၂ နှစ်၊ ဒေါ်သန်းစော ၆၂ နှစ်၊ ဦးမြင့်ပို ၃၇ နှစ်၊ ဒေါ်ဌေးဝ ၃၇ နှစ်၊ မလှမျိုးနွယ် ၂၂ နှစ်နဲ့ မလှမျိုးကြွယ် ၁၉ နှစ် အမျိုးသမီး ရှစ်ဦးနဲ့ အမျိုးသား တစ်ဦးတို့ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ သေဆုံးသွားသူတွေအားလုံးဟာ ဆွေမျိုးသားချင်းတွေဖြစ်ကြပြီး ဘေးလွတ်ရာမှာ စုနေရင်းကနေ အခုလိုဖြစ်ရတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်ကတည်းက သက္ကာယ်ကျင်း၊ ကိုင်းမ၊ တံစူး၊ လယ်ယာ၊ လက်ပံလှ၊ ဘို့မယ်၊ အင်း ငယ်ဒေါင့်၊ ဆောလက်ပံ၊ ယောလက်ပံ စတဲ့ရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက စစ်ကြောင်းနှစ်ကြောင်းနဲ့ တောက်လျှောက်ဝင်ရောက်ပြီး PDF တွေရှိမယ်လို့ ထင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဘေးရှောင်တွေနေတဲ့ တဲတွေကအစ မီးရှို့နေပြီး လက်ရှိအချိန်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း ပြတ်လပ်နေတာကြောင့် ရှိသမျှကို ဝေမျှ စားသောက်နေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်ကစပြီး လက်ရှိအချိန်အထိ ပေါက်၊ ပခုက္ကူနဲ့ ဆိပ်ဖြူမြို့နယ်တွေက ရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေလို့ ရွာပေါင်း ၂၀ ထက်မနည်းက နေအိမ်အလုံးပေါင်း တစ်ထောင်ကျော် မီးရှို့ခံလိုက်ရပြီး ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ပြောပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။