ဖားကန့်မြို့ NLD ပြန်ကြားရေးတာဝန်ခံတစ်ဦး အဖမ်းခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်သတင်းပြန်ကြားရေး တာဝန်ခံ ကိုဇော်ဝင်းမောင်ကို မေလ ၂၅ ရက် မနေ့ည (၈) နာရီဝန်းကျင်ခန့်က စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်က ပိတ်ဆို့ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“သူက ဖားကန့်ကနေ သတင်းတွေကို သတင်းတိုက်တွေ ပေးပို့ပေးနေသူပါ။ ဒါကြောင့်လည်း စစ် ကောင်စီက သူ့ကို လိုချင်နေတာဖြစ်ပါလိမ့်မယ်။ အာဏာသိမ်းကတည်းက သတင်းနဲ့ပြန်ကြားရေး အလုပ်တွေ သူ တောက်လျှောက်လုပ်လာခဲ့တာပါ“

ကိုဇော်ဝင်းမောင်ဟာ ညဘက် သပိတ်စစ်ကြောင်းလုပ်ဖို့ အပြင်ထွက်လာချိန်မှာ ခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သူနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကိုဇော်ဝင်းမောင်ဟာ ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနတွေနဲ့ ပြည်ပသတင်းဌာနတွေကို အလွတ်တန်းအနေနဲ့ ဖားကန့်မြို့နယ်တွင်းက သတင်းတွေ၊ သတင်းဓာတ်ပုံတွေကို ပေးပို့နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကလည်း ဖားကန့်မြို့၊ မမုံစံပြကျေးရွာမှာ ညဘက် ရွာဝင်ဂိတ် ကင်းစောင့်နေ တဲ့လူငယ် ခုနစ်ဦးကို စစ်ကောင်စီက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ကိုဇော်ဝင်းမောင်ကို ဖားကန့်မြို့မရဲစခန်းမှာ ထိမ်းသိမ်းထားလျှက်ရှိပြီး ဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်ထားပြီးလဲဆိုတာတော့ RFA က လေ့လာစုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။

ကိုဇော်ဝင်းမောင်ကို စစ်ကောင်စီက ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခဲ့သလဲ ဆိုတာကိုတော့ RFA အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဖားကန့်မြို့မှာ ကိုဇော်ဝင်းမောင် အပါအဝင် စစ်ကောင်စီက လူ ၃၀ ထက်မနည်း ဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်။