ဦးဝင်းထိန် နေပြည်တော်အချုပ်ထောင်မှာ ချုပ်နှောင်ခံထားရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန်ရဲ့ အမှုကို ဒီကနေ့ နေပြည်တော် ဒက္ခိဏရိုင်တရားရုံးမှာ အွန်လိုင်းကနေ တဆင့် ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ရုံးတင်စစ်ဆေးချိန်မှာ နေပြည်တော်အချုပ်ထောင်မှာ ဦးဝင်းထိန်ကို ချုပ်နှောင်ထားဖို့ ချုပ်မိန့်ရမန်ယူခဲ့ပြီးတော့ ဦးဝင်းထိန်ကို ရှေ့နေဌားရမ်းဖို့ တရားရုံးက ညွှန်ကြားခဲ့တယ်လို့ တရားရုံးပြန်ကြားရေးတာဝန်ခံ ဒုတိယတရားသူကြီး ဒေါ်ဖြူဝင်းလတ်က ပြောပါတယ်။

ဦးဝင်းထိန်ဘက်ကတော့ ရှေ့နေငှားရမ်းမနေဘဲ တခါတည်းအမိန့်ချပေးဖို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။

အမှုစစ်တရားသူကြီးဘက်ကတော့ ဥပဒေနဲ့အညီ သက်သေခံချက်တွေ ရယူပြီးမှ အမိန့်ချမှတ်ပေးနိုင်မယ်လို့ ပြောဆိုခဲ့တာကြောင့် လာမယ့်ရုံးချိန်းမှာ ရှေ့နေ ကိုယ်စားလှယ်လွှဲစာတင်ဖို့ ဦးဝင်းထိန်ဘက်က ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

ဦးဝင်းထိန်ကို အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ နေပြည်တော် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအေးလူက တရားလိုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဦးဝင်းထိန်က ''ဘာမှ နိုင်ငံတော်အကြည်ညိုပျက်တာမဟုတ်ဘူး၊ မင်းအောင်လှိုင်နဲ့ အုပ်စုကို အကြည်ညိုပျက်တာ နိုင်ငံတော်သပ်သပ် မင်းအောင်လှိုင်က သပ်သပ်" လို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ညပိုင်းက နေအိမ်ဖမ်းခံရချိန်အတွင်း RFA ကိုပြောပါတယ်။

ဦးဝင်းထိန် အမှုနဲ့ ပတ်သက်ပြီး တရားလို ဦးအေးလူဘက်က သက်သေ သုံးဦးတင်ပြထားတယ်လို့ သိရပါတယ်။

လက်ရှိ နေပြည်တော်အချုပ်ထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ဦးဝင်းထိန်ရဲ့ ကျန်းမာရေးအခြေအနေကို ဒီကနေ့ရုံးချိန်းမှာ သတင်းထောက်တွေက မေးမြန်းခဲ့ပေမယ့် တရားရုံးပြန်ကြားရေး တရားသူကြီးကတော့ အွန်လိုင်းကနေ စစ်ဆေးခဲ့တာဖြစ်လို့ မသိနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

လာမယ့် မတ်လ ၅ ရက်နေ့ ကို နောက်တကြိမ် ထပ်မံရုံးချိန်း ချိန်းဆိုခဲ့ပြီး အဲ့ဒီရုံးချိန်မှာ ဦးဝင်းထိန်ရဲ့ ရှေ့နေလွှဲစာ တင်မှာဖြစ်ပါတယ်။

ဦးဝင်းထိန်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညပိုင်းက သူနေထိုင်တဲ့ ရန်ကုန်၊ မြောက်ဥက္ကလာပ နေအိမ်မှာ လာဖမ်းသွားတာဖြစ်ပြီး နေပြည်တော်ကို ခေါ်ဆောင်သွားတာပါ။

ဦးဝင်းထိန်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၁၂၄(က)ဟာ ငွေဒဏ်နှင့်တကွ ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်နိုင်ပါတယ်။