တပ်နဲ့ ကြံ့ခိုင်ရေးရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း NLD ဝေဖန်


2019.12.05
myatlayoo-622.jpg NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦး ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၉ ဒီဇင်ဘာ ၅ ရက်နေ့ကဆွေး‌နွေးစဉ်
Photo: Thiha Tun/RFA

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော်က ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးချိန်နောက်ပိုင်းမှ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ဘက်က ပြင်ဆင်ရေးမူကြမ်းတွေ ဆက်တိုက်တင်လာတာဟာ စေတနာကောင်းနဲ့ လုပ်နေတာလားဆိုတာ သံသယဖြစ်မိတယ်လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဝေဖန် လိုက်ပါတယ်။

လွှတ်တော်ကို ဖျက်သိမ်းဖို့ သမ္မတကို အကြံပေးနိုင်တဲ့ အခွင့်အရေးရှိတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ပြင်ဆင်ထည့်သွင်းထားတဲ့ ဥပဒေမူကြမ်းအပေါ် အစီရင်ခံစာကို ပြည်ထောင် စုလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးစိုင်းသန်းနိုင်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကို တိုးမြှင့်ပြင်ဆင်ဖို့ အချက်အပါအဝင် ဥပဒေပုဒ်မ ၃ ခုကို ပြင်ဆင်ဖို့ မူကြမ်းကို လွှတ်တော်ကို တင်ပြထားတာပါ။ အဲဒီမူကြမ်းနဲ့ပတ်သက်လို့ ‌တွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်မှာ ဒီနေ့ ဆွေးနွေးကြတာပါ။

အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးကဏ္ဍ အပြန်အလှန်ထိန်းကျောင်း ဆောင်ရွက်ရာမှာ သမ္မတစနစ် ပိုမိုပီပြင်စေဖို့ သမ္မတက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ထောက်ခံချက်နဲ့ လွှတ်တော်တွေကို ဖျက်သိမ်းနိုင်တဲ့ အခွင့်အရေးရရှိစေဖို့ ပြင်ဆင်တာဖြစ်ကြောင်း လွှတ်တော်ကိုတင်ပြတဲ့ အဲဒီဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။

NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦးက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်က ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးချိန်မှာ မူကြမ်းတွေဆက်တိုက် တင်လာတာဟာ ရိုးသားပြီး စေတနာကောင်းနဲ့ လုပ်နေတာလားဆိုတာ သံသယဖြစ်မိတယ်လို့ ဝေဖန်ပါတယ်။


တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြ ထားတဲ့ ဥပဒေမူကြမ်း ငါးခုရှိပါတယ်။

ဒီမူကြမ်းတွေကို NLD ပါတီက ကိုယ်စားလှယ် အများစုပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာပြီးမှသာ တပြိုင်ထဲယှဉ်တွဲပြီး ဆွေးနွေးမယ်လို့ လွှတ်တော်မှာ မဲခွဲပြီးဆုံးဖြတ်ခဲ့တဲ့အပေါ်  ကန့်ကွက်မှု တချို့ ရှိနေတာပါ။

ကာလုံနဲ့ ပတ်သက်ပြီး ဖြည့်စွက်ထားတဲ့ အချက်တွေထဲမှာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍအချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှု ယိုယွင်းလာတဲ့အခါ လွှတ်တော်ကို ဖျက်သိမ်းဖို့ သင့်၊ မသင့် သမ္မတကို ကာလုံက အကြံပေးဖို့၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနဲ့အထက် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားပါက လွှတ်တော်ကို ဖျက်သိမ်းဖို့ သင့်၊ မသင့် သမ္မတကို အကြံပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းသာပါရှိပြီး အခုပြင်ဆင်ဖို့ တင်သွင်းတဲ့ ဥပဒေကြမ်းမှာ ကာလုံရဲ့ တာဝန်တွေကို တိုးမြှင့်ပြီး ထပ်မံဖြည့်စွက်ထားပါတယ်။

NLD ဦးဆောင်တဲ့ အစိုးရသက်တမ်းအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ခေါ်ယူဖူးခြင်း မရှိသေးပါဘူး။  

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင် က တင်သမျှ မူကြမ်းတွေကို မဲခွဲဆုံးဖြတ်ပြီး ရွှေ့ဆိုင်းနေရင် ဒီမိုကရေစီအနိုင်ကျင့်မှုအဖြစ် ပြည်သူလူထုက ယူဆနိုင်လို့ သတိပြုဖို့လိုကြောင်း ထောက်ပြဆွေးနွေးပါတယ်။ ဒီတင်ပြချက်ကိုလည်း NLD ကိုယ်စားလှယ်တွေက ကန့်ကွက်ကြပါတယ်။

ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်ရဲ့ ဆွေးနွေးချက်မှာ ကော်မတီရဲ့ အစီရင်ခံစာနဲ့ မပတ်သက်တဲ့ ဝန်ကြီးချုပ် ဦးနုလက်ထက်က အာဏာရှင်ဆန်ဆန် ပြုမူခဲ့တာတွေ၊  ဗိုလ်ချုပ်ကြီး နေဝင်းက တိုင်းပြည်အခြေအနေ အရပ် ရပ်ကြောင့် အာဏာသိမ်းခဲ့ရတာတွေ၊ ဒီမိုကရေစီအနိုင်ကျင့်မှုစတဲ့ ပြောဆိုချက်တွေပါဝင်တဲ့အတွက် NLD ပါတီက ဦးအောင်ကြည်ညွန့်က မတ်တပ်ရပ် ကန့်ကွက်ခဲ့တာပါ။  

ပြည်ထောင်စုလွှတ်တော် နာယက က ကိုယ်စားလှယ်တွေ အားလုံးရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်စိစစ်ပြီး စည်းကမ်းနဲ့ မညီတာတွေကို ပယ်ဖျက်မယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဒီနေ့ လွှတ်တော် အစည်းအဝေးမှာ NLD ပါတီက ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးရာမှာ အာဏာရှင်ဆိုတဲ့ စကားအသုံးအနှုန်း ပါဝင်တဲ့အတွက် တပ်မတော်သား  ကိုယ်စားလှယ်တွေဘက်ကလည်း ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဘယ်လမ်းကြောင်းက ပြင်ဆင်မလဲဆိုတာ တပ်မတော်၊ အတိုက်အခံပါတီ USDP နဲ့ အာဏာရပါတီတို့အကြား သဘောထား ကွဲလွဲ နေပေမယ့် ဖွဲ့စည်းပုံ ပြင်ရမယ်၊ တိုင်းရင်းသားအခွင့်အရေးတွေ ထည့်သွင်းရမယ်လို့ နှစ်ဖက်လုံးက ထပ်ခါ ထပ်ခါ ပြောနေကြတဲ့အတွက် သဘာထားတိုက်ဆိုင်မှုတော့ရှိနေတယ်လို့ ယူဆကြောင်း ပြောပါတယ်။

တိုင်းရင်းသားတွေ အခွင့်အရေးအတွက် အမှန်တကယ် ဖွဲ့စည်းပုံ ပြင်လိုတယ်ဆိုရင် ပြင်ဆင်ဖို့ အခွင့်အာဏာရှိတဲ့ အစုအဖွဲ့တွေအနေနဲ့ ငြင်းခုန်မနေပဲ ပူးပေါင်းဆောင်ရွက်ဖို့ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁၁ က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက တိုက်တွန်းခဲ့ပါတယ်။

လွှတ်တော်နာယက ဦးတီခွန်မြတ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဒီလွှတ်တော် သက်တမ်းအတွင်းပဲ အပြီးဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာလ ၃ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အသိပေးပြောကြားခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဆုံးအဖြတ်ပေးရမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ဆန္ဒမဲနဲ့သာဖြစ်လို့ နာယကတစ်ဦးထဲလုပ်လို့ မရနိုင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အချိန်ဇယားကို ချပြရမှာက ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ တာဝန်သာ ဖြစ်တယ်လို့လည်း ဝေဖန်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးစိုင်းသန်းနိုင်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်သွင်းတဲ့ ဒီမူကြမ်းကို ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ ကိုယ်စားလှယ် စုစုပေါင်း ၄၅ ဦးရှိပြီး နောက်ရက်တွေမှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် မှာ ဆက်ဆွေးနွေးကြဦးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။