SNLD ကို ဝန်ကြီးနေရာအတွက် ကမ်းလှမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဆောင်မယ့် အစိုးရအဖွဲ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က တစ်ဦးကို ပြည်ထောင်စုဝန်ကြီးရာထူး တစ်နေရာအတွက် ကမ်းလှမ်းထားကြောင်း SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

NLD ပါတီက ကမ်းလှမ်းထားတဲ့ ပြည်ထောင်စုဝန်ကြီး တစ်ဦးအမည်စာရင်းကို နောက်လာမယ့် ရက်ပိုင်းအတွင်း အကြောင်းပြန်မယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

"အဲ့ဒါ အမှန်အတိုင်းပြောမယ်ဆိုရင် အတည်ပြုပြီးမေးတာကောင်းပါတယ်၊ ဒုသမ္မတအတွက် ကမ်းလှမ်းနေ တယ်ဆိုတာတော့ မဟုတ်ပါဘူး၊ ပြည်ထောင်စုအစိုးရအဖွဲ့မှာ တစ်ယောက် ပါဝင်ပေးဖို့တော့ ကမ်းလှမ်းတာ ဟုတ်ပါတယ်"

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်းထွန်းဦးဟာ သမီးဖြစ်သူက သြစတြေးလျနိုင်ငံသား ခံယူထားတဲ့အတွက် ပုဒ်မ ၅၉ (စ) နဲ့ ငြိစွန်းနေကြောင်း သတင်းမီဒီယာတချို့မှာ ဖော်ပြနေကြတဲ့ ဒုသမ္မတအဖြစ် ကမ်းလှမ်းခံထားရတယ်ဆိုတာ မဟုတ်ကြောင်း ကမ်းလှမ်းခဲ့ရင်လည်း မဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ထက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ပေးဖို့ NLD ကို တောင်းဆိုထားတဲ့အဖွဲ့ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာပါဝင်ဆောင်ရွက်ဖို့ စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရှမ်းပြည်နယ် ဝန်ကြီးချုပ်တာဝန်ယူပြီး ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်မယ်ဆိုရင်လည်း သူရဲ့လုပ်ဆောင်ချက်တွေကိုကြည့်ပြီး ကောင်းမွန်တယ်ဆိုရင် လက်ခံနိုင်တယ်လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။