ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ကို ပြင်ဆင်၊ ဖျက်သိမ်းပေးဖို့ ရှိ မရှိကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က မေးခွန်းမေးဖို့ ကြိုးစားခဲ့ပေမယ့် ပါတီကခွင့်မပြုတဲ့ အတွက် မေးမြန်းခွင့်မရရှိကြောင်း ဦးရဲထွဋ်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ လကျော် ၃ လနီးပါက ပုဒ်မ ၆၆ ကို ပြင်ဆင်၊ ဖျက်သိမ်းဖို့ရှိ မရှိ မေးခွန်းမေးဖို့ပါတီတွင်း စိစစ်ရေးအဖွဲ့ ကို တင်ခဲ့ပေမယ့် ခွင့်မပြုတာကြောင့် မေးခွန်းမေးမြန်းခွင့်မရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ် က ပြောပါတယ်။
"ပါတီတွင်း စိစစ်ရေးပေါ့၊ စိစစ်ရေးကို အရင်တင်ရတာကို ထုံးစံပဲ၊ တင်တော့ ၂ ရက် ၃ ရက်လောက် ကြာတော့ တာဝန်ရှိတဲ့သူတစ်ယောက်က မေးပေးတယ်၊ အခုအချိန်မှာ ဆိုင်းထားပါပေါ့"
ဒီလိုအရေးကြီးတဲ့မေးခွန်းတွေနဲ့ အဆိုတွေကို လွှတ်တော်မှာ မြန်မြန်ဆန်ဆန်နဲ့ မေးမြန်းခွင့်မရရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပုံရိပ်ကိုထိခိုက်နိုင်ကြောင်း၊ ကိုယ်က ပါတီဝင်တစ်ယောက် ဖြစ်နေတဲ့အတွက် ပါတီရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမှာဖြစ်ကြောင်း၊အချိန်အခါအရ မေးမြန်းဖို့ မသင့်သေးဘူးလို့ ပါတီ တာဝန်ရှိသူတွေက ဆုံးဖြတ်ထားတာကြောင့် နောက်ထပ်မေးခွန်းမေးမြန်ဖို့ ထပ်မံကြိုးစားသွားမှာဖြစ်ကြောင်း လည်း ဦးရဲထွဋ်က ပြောပါတယ်။
ဒါ့အပြင် ၈၈ အရေးပုံတော်နဲ့ ပတ်သက်ပြီး ကျဆုံးခဲ့တဲ့သူတွေအတွက်၊ ဂုဏ်ပြုဖို့အစီအစဉ်ရှိ မရှိနဲ့ သဘာ၀ ပတ်ဝန်းကျင်၊ ကုန်ဈေးနှုန်းကြီးမြင့်မှု စတာတွေနဲ့ ပတ်သက်ပြီးလွှတ်တော်မှာ မေးခွန်းမေးဖို့ ကြိုစားခဲ့ပေမယ့် ပါတီစိစစ်ရေးက ခွင့်မပြုခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံးပြင်ဆင်ပေးဖို့ အရပ်ဘက်အဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေ ၊ ကျောင်းသားတွေနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အရေးယူခံခဲ့ရသူတွေက ဆန္ဒပြတောင်းဆိုထားကြပြီး ၆၆ ဃ နဲ့ တရားစွဲဆို ခံရသူတွေရဲ့ တရားရုံးချိန်းတွေမှာ လှုပ်ရှားမှုတွေလည်း ဆောင်ရွက်နေပါတယ်။
