တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပါ ဆွေးနွေးဖို့ NLD ကို SNLD တိုက်တွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ အောင်မိုးညို ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်နယ်အခြေစိုက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ "ဝ" အမျိုးသားပါတီ၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့က NLD ရုံးမှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ လိုက်လံတွေ့ဆုံနေတဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ အရင်က တွေ့ဆုံပွဲတွေ အဆင်မပြေခဲ့ပေမယ့် ရှမ်းပြည်နယ်က နိုင်ငံရေးပါတီ လေးပါတီနဲ့ တွေ့ဆုံပွဲတွေကတော့ ဖြစ်မြောက်ခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့ဆွေးနွေးမှုဖြစ်ခဲ့ပြီး၊ NLD အစိုးရရဲ့ ဒုတိယသက်တမ်းမှာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်မယ်ဆိုရင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ တက်တက်ကြွကြွ ပါဝင်ကူညီသွားမယ်လို့ ဆွေးနွေးလိုက်တဲ့အကြောင်း ပါတီအတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်က RFA ကိုပြောပါတယ်။

အဲဒီအပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့အတွက် တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးပါတီတွေ အပြင်လက်နက်ကိုင်အဖွဲ့တွေရော၊ အရပ်ဘက်အဖွဲ့တွေနဲ့ပါ NLD အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပြီး အဲဒီလိုဆွေးနွေးမယ်ဆိုရင် SNLD အနေနဲ့လည်း ကူညီမယ်လို့ ပြောပါတယ်။

တွေ့ဆုံဆွေးနွေး အဖြေရှာတာက ပိုပြီးကောင်းမွန်တယ်လို့ ယူဆတဲ့အကြောင်း NLD ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ရဲ့ ဗဟိုကော်မတီဝင်လဲဖြစ်၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးစိုင်းနောင့် က RFA ကို ပြောပါတယ်။

SNDP နဲ့ NLD တို့ မိနစ် ၃၀ ကြာဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်အတွက် လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အားရကျေနပ်တာ မဟုတ်ပေမယ့် တွေ့ဆုံဆွေးနွေးလာတာက ဖက်ဒရယ်ရောင်ခြည် သန်းလာတာလို့လည်း သူက ပြောပါတယ်။

ဒီနေ့မှာပဲ ရှမ်းတိုင်းရင်းသားနှစ်ပါတီအပြင်၊ အခြားတိုင်းရင်းသား ပါတီတွေဖြစ်တဲ့ "ဝ" အမျိုးသားပါတီ၊ လားဟူ အမျိုးသားပါတီတို့နဲ့လည်း တစ်ဆက်တည်း တွေ့ဆုံခဲ့ပါတယ်။

အစိုးရရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းရေးတွေမှာ "ဝ" အမျိုးသား ပါတီက ပါဝင်ကူညီပေးမယ်လို့ ဆွေးနွေးလိုက်တဲ့အကြောင်း "ဝ" အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဦးဆိုင်ပေါင်းနပ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မြေမှာ လက်နက်အားကိုး၊ အဖွဲ့ အစည်းအားကိုးနဲ့ မဲမသမာမှု ကျူးလွန်ခံခဲ့ရတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးတင်ပြခဲ့တယ်လို့ ပြောပါတယ်။

တိုင်းရင်းသားပါတီတွေရဲ့ခံစားချက်တွေကို နားထောင်ဖို့အတွက် တလေးတစားနဲ့ လာရောက် တွေ့ဆုံတာ ဖြစ်တဲ့အတွက် NLD ပါတီက အထက်စီးက ဆက်ဆံတယ်ဆိုတာ မဟုတ်ဘူးလို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

မွန်ညီညွတ်ရေးပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီတို့နဲ့ တွေ့ဆုံပွဲ ပျက်သွားတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့မေးမြန်းမှုကို ဒေါက်တာအောင်မိုးညို ဖြေကြားခဲ့တာဖြစ်ပါတယ်။

NLD ပါတီက ရည်မှန်းနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးဖို့ ကြိုးစားတဲ့အခါမှာ၊ ပြည်နယ်တွေမှာရှိတဲ့ NLD ပါတီရုံးတွေမှာပဲ လက်ခံတွေ့ဆုံတဲ့အတွက် တိုင်းရင်းသားပါတီတွေဘက်က လက်မခံခဲ့ပါဘူး။

ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ ကချင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကချင်တိုင်းရင်းသားပါတီတွေက ခေါင်းဆောင် တချို့နဲ့ပဲ တွေ့ဆုံခဲ့တဲ့အတွက်၊ အားရတဲ့ဆွေးနွေးမှုမဖြစ်ခဲ့ဘူးလို့ ကချင်ပါတီ ခေါင်းဆောင်တွေက ဝေဖန်ထားပါတယ်။

ဒုတိယခရီးစဉ်ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က မွန်အမျိုးသားပါတီ MUP နဲ့ ဆွေးနွေးပွဲဟာလဲ နှစ်ဖက်သဘောတူတဲ့ နေရာညှိညှိနှိုင်းမရတာကြောင့် ဆွေးနွေးပွဲ အထမမြောက်ခဲ့ပါဘူး။ ဇန်နဝါရီလ ၁၂ ရက်နေ့က ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP နဲ့တွေ့ဆုံပွဲလဲ တွေ့မယ့်နေရာကြောင့် ပျက်သွားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှာတော့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်တို့နဲ့ တွေ့ဆုံခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကယန်းအမျိုးသားပါတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

NLD ပါတီရဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးပွဲတွေကို ကြိုဆိုရမှာဖြစ်ပေမယ့် မတွေ့ဆုံတဲ့ ပါတီတွေအပေါ် တိုက်ခိုက်တာတွေမလုပ်ပဲ စောင့်ကြည့်ဖို့ လိုအပ်မယ်လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

NLD အနေနဲ့ နောက်ပါတီတွေနဲ့ တွေ့ဆုံမယ်ဆိုရင် SNLD နဲ့ တွေ့ဆုံခဲ့သလို အလွတ်သဘော အရင် တွေ့ဆုံတာက ပိုအဆင်ပြေနိုင်မယ်လို့လည်း သုံးသပ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နောက်ထပ် ဘယ်ပါတီတွေကို ဘယ်အချိန်မှာ တွေ့မယ်ဆိုတာ ထုတ်ဖော်ကြေညာထားတာ မရှိသေးပါဘူး။ ကျန်နေသေးတဲ့ ပြည်နယ်တွေကတော့ ရခိုင်၊ ကရင်၊ ချင်းပြည်နယ်တွေ ဖြစ်ပါတယ်။