လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ပါတီပြော

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမယ့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသူတွေအနေ နဲ့ နိုင်ငံရေးအင်အားစုတခုရဲ့ အသုံးချခံဖြစ်သွားမလားဆိုတာကို ပြန်လည်စဉ်းစားစေလိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။

ကယားပြည်နယ် အစိုးရက ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူဖို့ လုပ်ဆောင်တဲ့အပေါ် ဇူလိုင်လ ၃ ရက်နေ့က လွိုင်ကော်မြို့ မှာ ဒေသခံတွေနဲ့ လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့တဲ့အပေါ် အာအက်ဖ်အေ က မေးမြန်းရာမှာ NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က အခုလို ပြောပါတယ်။

"ဗိုလ်ချုပ်က သူ့ရဲ့ကတိတွေ မတည်သေးခင်မှာ လုပ်တယ်ဆိုတာမျိုးပြောတာ အဲဒါမျိုးတွေကတော့ မဖြစ် သင့်ဘူးလို့ ထင်ပါတယ်၊ ဘာလို့ဆိုတော့ ဒီတိုင်းရင်းသားတွေနဲ့ ပတ်သက်ရင် ဗိုလ်ချုပ်က ပြည်ထောင်စု စနစ်ခေါ် ဖက်ဒရယ်စနစ်ကို အခြေခံပေးတဲ့ ပင်လုံစာချုပ်ကို ဗိုလ်ချုပ်က ဖြစ်မြောက်အောင် ရေးဆွဲခဲ့တဲ့ သူပါ၊ ကျနော်တို့ဟာ ဒီလိုအကြမ်းဖက်ဖြိုခွင်းတယ် ပဋိပက္ခဖြစ်တယ် ရုန်းရင်းဆန်ခတ်ဖြစ်တယ်ဆိုတဲ့ အနေအထားလေးကို အသုံးချပြီးတော့ နိုင်ငံရေးအမြတ်ထုတ်ခံရတယ်လို့ ကျနော်တို့က စိတ်ထဲမှာ ဒီလိုခံစားရပါတယ် အဲတော့ ဒီကန့်ကွက်တဲ့လူတွေကလည်း မိမိတို့ဟာ တစ်စုံတခုသော နိုင်ငံရေး အင်အားစုတစ်ခုရဲ့ အသုံးချခံဖြစ်သွားမလားဆိုကိုတော့ ပြန်ပြီးစဉ်းစားစေချင်တယ်"

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေ စိုက်ထူဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က NLD ဗဟိုက ညွှန်ကြားထားတာ မရှိသလို ငွေကြေးထောက်ပံ့ခဲ့တာလည်းမရှိကြောင်း၊ ပြည်သူလူထုတွေက သူတို့သဘောဆန္ဒနဲ့ ရန်ပုံငွေ စိုက်ထုတ်ပြီး ရုပ်ထုတွေ စိုက်ထူကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

လွိုင်ကော်မြို့က ဆန္ဒပြပွဲမှာပါဝင်ခဲ့ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ (ဂ) တို့နဲ့ တရားစွဲခံထားရတဲ့ ကရင်နီပြည်လူငယ်ထုအဖွဲ့က ကိုဒီးဒီက ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူတယ်ဆိုတာထက် ငြိမ်းချမ်းရေးနဲ့ တန်းတူအခွင့်အရေးရရှိရေးတို့အတွက် အရင်ဦးဆုံးလုပ်စေချင်တယ်လို့ ပြောပါတယ်။

"ကျနော်တို့က ဒီရုပ်တုတွေထက် ဒီနိုင်ငံရေးပေါ့နော် အရေးကြီးတယ်၊ ငြိမ်းချမ်းရေး အရေးကြီးတယ်၊ ဒါတွေကို လုပ်ချင်တာပေါ့နော်၊ ရုပ်တုထက်ဗျာ တခြားအရေးကြီးတာတွေကို လုပ်စေချင်တယ်၊ ရုပ်တု မရှိလို့လည်း ဘာမှမဖြစ်သွားဘူ၊း အဓိကက ကျနော်တို့လိုချင်တဲ့ တန်းတူအခွင့်အရေးတွေ နိုင်ငံရေး ငြိမ်းချမ်းရေး အဆင်ပြေဖို့ပဲ အရေးကြီးတယ်ပေါ့နော်၊ အဲလိုအရေးကြီးတာတွေလုပ်ဆောင်မရှိဘဲနဲ့ ဒီလိုပေါ်ပင်ပေါ့နော် အကျိုးယုတ်ဖို့ ပိုများစေတဲ့ ဒီလိုရုပ်တုကို လာထားတယ်လို့ပဲ မြင်ပါတယ်"

ကယားပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ လုပ်ဆောင်တဲ့နေရာမှာ ကရင်နီပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းတာမျိုးတွေ မရှိဘူးလို့လည်း ကိုဒီးဒီက ပြောပါတယ်။

ကရင်နီပြည်လူငယ်ထုအနေနဲ့ တရားစွဲဆိုမှုတွေကို ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်တု တည်ဆောက်နေမှုတွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက်သွားမှာဖြစ်ကြောင်း ဇူလိုင် ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးအရ မကောင်းတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်မယ်ဆိုရင် ကြေးရုပ်စိုက်ထူမှုတွေကို ကန့်ကွက်တဲ့သူတွေ၊ မနှစ်သက်တဲ့ သူတွေနဲ့ အချိန်ယူပြီး ဆွေးနွေးသွားရမှာဖြစ်ကြောင်းနဲ့ နိုင်ငံရေးအခြေအနေကိုလေ့လာပြီးမှ ဆက်လက်လုပ်ဆောင်သင့်ကြောင်း NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။