တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA မှာလက်မှတ် ရေးထိုးရေး မရေးထိုးရေး ကိစ္စအပါအဝင် မွန်ပါတီတွေ ပေါင်းစည်းနိုင်ရေးကိစ္စတွေ ဆွေးနွေးနိုင်ဖို့ ဗဟိုကော်မတီအစည်းအဝေးကို ဒီကနေ့ ရေးချောင်းဖျား မှာ စတင်ကျင်းပနေပါတယ်။
ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့ကနေ နှစ်ပတ်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေ နဲ့ ပတ်သက်ပြီး ဗဟိုုကော်မတီဝင်တစ်ဦးဖြစ် တဲ့ နိုင်ရွှေသိန်း က RFA ကို အခုလို ပြောပါတယ်။
"ဟုတ်ပါတယ် အဲ့ဒီ ဗဟိုကော်မတီ အစည်းအဝေးမှာ အခုဆိုလို့ရှိရင် NCA မှာ ကိစ္စတွေ နောက်တခါ ကျနော်တို့ မွန်အမျိုးသား ပေါင်းစည်းရေး ကိစ္စတွေ ဒါ သိပ့်အရေးကြီးနေတယ် အခုဟာ၊ နောက်တခါ ကျနော်တို့ အထဲမှာ ဖြစ်နေတဲ့ မွန် နှစ်ပါတီ သုံးပါတီတွေ ကွဲနေတယ်လေ အဲ့ဒါကိုလည်း စုစည်းညီညွတ်မှုအတွက်ကိုလည်းပါတယ်။ ဒီ ကရင်နဲ့ ဖြစ်တဲ့ ကိစ္စတွေရော အားလုံး အစအဆုံးပေါ့ဗျား၊ နောက်တခါ ကျနော်တို့ ဒီ အဖွဲ့ဝင် ဖြစ်နေတဲ့ UNFC က ကိစ္စတွေ ရော အားလုံး အားလုံးပါတယ်လေ၊ NCA လက်မှတ်ထိုးတဲ့ ကိစ္စ အပါအဝင် ကျန်တဲ့ ကိစ္စတွေ အားလုံးကို ပြန်လည်ဆွေးနွေးပြီးတော့ ပြန်လည်သုံးသပ်မယ် ဒီ ဗဟိုအလုပ်အမှုဆောင်တွေ လုပ်ထားတဲ့ဟာတွေ အားလုံး အားလုံးကို အတည်ပြုချက်ကို အဲ့ဒီ ဗဟိုကော်မတီအစည်းအဝေးမှာ ရယူရမယ်"
အခုကျင်းပနေတဲ့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးဟာ ညီလာခံကနေသတ် မှတ်ထားတဲ့ ၆ လတစ်ကြိမ်ကျင်းပတဲ့ ပထမဆုံးအစည်းအဝေး တစ်ရပ်ဖြစ်ပြီး ညီလာခံတစ်ခုနဲ့ တစ်ခုကြားမှာ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အမြင့်ဆုံး ဗဟိုကော်မတီ အစည်းအဝေးတစ်ရပ်ဖြစ်တယ် လို့လည်း နိုင်ရွှေသိန်းက ပြောပါတယ်။
မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရယူခဲ့ပြီး နယ်ခြားစောင့်တပ်ပြောင်းလဲ ဖွဲ့စည်းရေးကို လက်မခံခဲ့တာကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလကစလို့ အပစ်အခတ်ရပ်စဲရေးပျက်ပြယ်သွားခဲ့ပါတယ်။
အဲ့ဒီနောက် ၂၀၁၂ ခုနှစ် ဖေဖေါ် ဝါရီလမှာ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှု လက်မှတ်ထိုးရေးထားတဲ့ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
