နိုင်ငံပိုင်သိမ်းဆည်းထားတဲ့ မော်တော်ယာဉ်တွေကို လေလံတင်ပြန်ရောင်းချဖို့ အစီအစဉ် မရှိသေးဘူးလို့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက် မနေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
သိမ်းဆည်းထားတဲ့ မော်တော်ယာဉ်တွေကို လေလံတင်ရောင်းချမယ်လို့ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဇွန် ၂၈ ရက်ကပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးမှာ ပြောခဲ့ပြီးနောက်ပိုင်း အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
သိမ်းဆည်းထားတဲ့ ကားတွေကို လေလံတင်ရောင်းချမယ်လို့ သတင်းထွက်လာပြီးနောက် ဝယ်ယူမယ့်သူတွေက စောင့်ကြည့်တဲ့ အနေအထားရှိခဲ့ပြီး လက်ရှိမှာတော့ ပုံမှန်အတိုင်း အရောင်းအဝယ် ရှိနေတယ်လို့ ရန်ကုန်တိုင်း မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များအသင်း (YRAMDA) ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။
" လွန်ခဲ့တဲ့ နှစ်ပတ်လောက်က လေလံထွက်မယ်ဆိုပြီး တချို့ကလည်း ဖေ့ဘွတ်စ်ပေါ် အမျိုးမျိုးရေးတယ်ပေါ့နော်။ ကားဈေးကျမယ် ဘာဖြစ်မယ်ဆိုပြီးတော့။ အပြင် ဝယ်ဈေးတွေက စောင့်ကြည့်တဲ့အပိုင်းတော့ ရှိတာပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ဈေးနည်းနည်း ပြန်တက်သွားတော့ ပြန်ဝယ်ကြတာပေါ့။ လေလံကြောင့်ရယ်လို့ စိုးရိမ်ပူပန်နေမယ့် အစား လက်ရှိအခြေအနေကိုပဲ ကြည့်ပြီး သုံးသပ်တာကောင်းတယ်"
ဖမ်းဆီးရမိတဲ့ကားတွေကို လေလံစနစ်နဲ့ ရောင်းချခဲ့ရင်တောင် မော်ဒယ်နိမ့် ကားတွေ ဖြစ်နိုင်ပြီး အစီးအရေအတွက် များမှသာ ဈေးကွက်ကို သက်ရောက်မှု ရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
လက်ရှိအနေအထားအရ SKD ပါမစ်၊ ကားတင်သွင်းခွင့် ပါမစ်လိုင်စင် ပြန်ရနိုင်မယ့် အခြေအနေ၊ ဒေါ်လာဈေးနှုန်း၊ အရောင်းအဝယ် အခြေအနေတွေကိုသာ စောင့်ကြည့်ဖို့ လိုအပ်ပြီး ဒီအပေါ်မူတည်ပြီး ကားဈေးနှုန်းတွေက အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ ဦးမင်းမင်းမောင်က ပြောပါတယ်။
ပြည်တွင်းမှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်နေတဲ့ ကားကုမ္ပဏီတွေဟာလည်း အပြီးသတ် ပိတ်လိုက်တာ မဟုတ်ဘဲ လုပ်ကိုင်ခွင့်ပါမစ် မရသေးခင်မှာ ယာယီ ထုတ်လုပ်မှု ရပ်နားထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိဈေးကွက်အနေအထားအရ ပြည်တွင်းမှာ SKD စနစ်နဲ့ ထုတ်လုပ်နေတဲ့ ကားတွေ၊ ဂျပန်နိုင်ငံထုတ် ညာမောင်း တစ်ပတ်ရစ်ကားတွေ၊ ကိုရီးယားက ဘယ်မောင်းကားတွေဟာ ဈေးမာ၊ ဈေးမြင့်တက်နေပြီး Suzuki Ertiga တစ်စီးကို အသစ်ဈေး သိန်း ၆၀၀ ကျပ်ခန့် ပေါက်ဈေးရှိနေတယ်လို့ သူက ပြောပါတယ်။