ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်မလာတဲ့ အကြောင်းရင်း


2019.08.30
taungpyoletway-gate-622.JPG ဒုက္ခသည်တွေပြန်လာမယ့် တောင်ပြိုလက်ဝဲမြို့နယ်က မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံနယ်စပ်တံတားကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေက မိမိသဘောဆန္ဒအရသာ ပြန်မလာကြတာဖြစ်ပြီး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောသလို  စခန်းတာဝန်ရှိသူတွေက မပြန်ဖို့တားဆီးတာတွေနဲ့ ARSA လို အကြမ်းဖက် အဖွဲ့အစည်းတွေကလည်း တားဆီးပိတ်ပင် လွှမ်းမိုးတာတွေရှိတယ်ဆိုတာ မမှန်ကန်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေထဲမှာ ပြန်လာချင်သူတွေရှိပေမယ့် စခန်းတာဝန်ရှိသူတွေက မပြန်ဖို့ တားဆီးတာတွေရှိသလို ARSA လို အကြမ်းဖက် အဖွဲ့အစည်းတွေကလည်း တားဆီးပိတ်ပင် လွှမ်းမိုးတာတွေရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မနေ့က အမျိုးသားလွှတ်တော်ကို တက်ရောက်လာစဉ် သတင်းထောက်တွေ မေးမြန်းမှုကို ပြောခဲ့တာပါ။

"နှစ်နိုင်ငံသဘောတူ လက်မှတ်ထိုးပြီးသားတွေ၊ အဲဒီသဘောတူလက်မှတ် ထိုးထားတဲ့အတိုင်းလည်း ဆောင်ရွက်နေတယ်၊ သို့သော် ပြန်မပို့နိုင်ခဲ့ဘူး သူတို့ဘက်က၊ ဘာကြောင့်သူတို့ဘက်က ပြန်မပို့နိုင်တာလည်းဆိုတာ အဖြေကလည်းရှိတယ်၊ ပြန်လာရမယ့်သူတွေက သူတို့ပြန်လာရမယ်ဆိုတာ မသိဘူး၊ ဆိုလိုတာက မိမိရဲ့ဆန္ဒပါရမယ်၊ ဆန္ဒမရှိရင် ပြန်မလာနဲ့၊ ဆန္ဒရှိရင် ပြန်လာ၊ ဆန္ဒရှိတဲ့သူကို တစ်ဖက်က လွှတ်ပေးရမယ်၊ ဆန္ဒမရှိတဲ့သူကို လွှတ်ပေးစရာမလိုဘူး၊ အဲ့သဘောမျိုးရှိတယ် သဘောတူညီချက်ထဲမှာ၊ ဆန္ဒရှိခြင်း မရှိခြင်းကို အရင်ကောက်ယူရမှာ ဘင်္ဂလားဒေ့ရှ်က၊ အဲဒီဟာအတွက်ကို လိုအပ်ချက်ရှိခဲ့တယ်၊ စာရင်းတော့ ကျွန်တော်တို့ဆီကိုပို့တယ်၊ ပို့တဲ့စာရင်းကို ကျွန်တော်ကနေပြီးတော့ စိစစ်ပြီးတော့အခါကျတော့ ဒီလိုလူတွေကတော့ လက်ခံနိုင်ပါတယ်ဆိုပြီး၊ သို့သော်လည်း အဲဒီလူတွေထဲမှာ ပြန်လာချင်တဲ့သူရှိမယ်၊ ပြန်မလာချင်တဲ့သူရှိမယ်၊ ပြန်လာချင်တဲ့သူတွေကတော့ ပြန်လာချင်တာအများကြီးပဲ၊ သို့သော် ပြန်လာချင်တဲ့သူတွေကိုလည်း လွှမ်းမိုးမှုတွေလည်း ဟိုဘက်မှာရှိနေတယ်၊ Camp မှာရှိတဲ့ Leaders တွေ ဒါတွေကနေပြီးတော့ သူတို့ရဲ့ ခေါင်းဆောင်တွေကနေပြီးတော့ မပြန်ရဘူးဆိုပြီး လုပ်ထားတာရှိသလို ARSA လို အကြမ်းဖက်အဖွဲ့အစည်းကလည်း သူတို့ကို မပြန်ရဘူး၊ တားဆီးပိတ်ပင်မှုတွေရှိတယ်၊ ဒါတွေကို သူတို့က ကြောက်လန့်နေတယ်"

မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ နှစ်နိုင်ငံသဘောတူညီမှုအရ သြဂုတ်လ ၂၂ ရက်နေ့မှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် စခန်း နှစ်ခုနဲ့ ကြားစခန်း တစ်ခုကို မြန်မာအစိုးရက စီစဉ်ထားပြီး နှစ်နိုင်ငံ တာဝန်ရှိသူတွေ တနေကုန်စောင့်ဆိုင်းခဲ့ပေမယ့် ပြန်လာတဲ့သူတစ်ယောက်မှ မရှိခဲ့ပါဘူး။

ဒုက္ခသည်တွေ မိမိသဘောဆန္ဒနဲ့ ပြန်လာရေးအစီအစဉ်ပျက်ခဲ့တာဟာ ရိုဟင်ဂျာတွေ လုံခြုံရေးအတွက် မြန်မာအစိုးရက တာဝန်မယူနိုင်တာကြောင့် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က ရိုဟင်ဂျာတွေ ဒုတိယအကြိမ် နေရပ်ပြန်ရေးအစီအစဉ် မအောင်မြင်ခဲ့တာနဲ့ ပတ်သက်လို့ မနေ့ညနေက ဒါကာမြို့မှာ သံတမန်တွေကို ဖိတ်ကြားပြီး ရှင်းလင်းတဲ့ပွဲမှာ ပြောခဲ့ပါတယ်။

ကမ္ဘာတဝှမ်းက ခေါင်းဆောင်တွေအနေနဲ့ မြန်မာကို ဖိအားပိုပေးကြဖို့နဲ့ ရိုဟင်ဂျာပြဿနာကို မြန်မာအစိုးရကပဲ ဖန်တီးခဲ့တဲ့အတွက် မြန်မာကပဲ ကိုယ့်အစွမ်းအစနဲ့ကိုယ် အဆုံးသတ်ရမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ BNP ပါတီ အတွင်းရေးမှူးချုပ် မိုင်ဇာ ဖာရောကလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ဒုက္ခသည်တွေ နေရပ်ပြန်ရေးပြဿနာ အဆုံးမသတ်နိုင်ဘဲ ဖြစ်နေရတာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သံတမန်ဆိုင်ရာ ရှုံးနိမ့်မှုဖြစ်ပြီး၊ မြန်မာဆင်ထားတဲ့ ထောင်ချောက်ထဲ ကျရောက်သွားခဲ့ရတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကတော့ သူတို့ကို ဘယ်အဖွဲ့အစည်းကမှ တားဆီးတာ ခြိမ်းခြောက်တာတွေမရှိဘဲ ကိုယ့်သဘောဆန္ဒအရသာ မပြန်ကြတာဖြစ်တယ်လို့ ကုတုပါလောင် ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ကိုအောင်မြိုင်က RFA ကိုပြောပါတယ်။

"ဒီမှာခြိမ်းခြောက်တာတို့ ဟန့်တာတို့ ဒီဘက်မှာ မရှိပါဘူး၊ လုံး၀ မရှိပါဘူး၊ ဟုတ်ကဲ့ပါ ဒုက္ခသည်တွေဘက်က မပြန်ချင်တာပါ၊ နိုင်ငံသားကိစ္စရော ပြီးတော့ လုံခြုံရေးရော တရားမျှတမှုကိစ္စရော စသည်ပေါ့၊ ပြီးတော့ တောင်းဆိုချက်တွေ ရှိသေးတယ်လေ၊ မွေးရာပါ နိုင်ငံသားဖြစ်ရမယ်၊ ဒီကိစ္စမဖြစ်မချင်း မပြန်ချင်တာပါ၊ ဒါပေမဲ့ ပြန်တော့ပြန်ချင်တယ်လေ၊ အခုပြန်ချင်တယ်၊ အဲ့ကိစ္စတွေကို မြန်မာအစိုးရအနေနဲ့ အရင်ဆုံးဆောင်ရွက်ပေးရမှာပါ၊ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ကျွန်တော်တို့ ပြန်ချင်ရင်ရတယ်လေ၊ ကျွန်တော်တို့က လုံခြုံရေးနဲ့ နိုင်ငံသား အာမခံချက်မရှိရင် ဘယ်လိုလုပ်ပြန်မှာတုန်း၊ အဲ့လိုဆိုပြီးတော့ ဒုက္ခသည်တွေဘက် ဆုံးဖြတ်ပြီး မပြန်တာပဲရှိပါတယ်"

ဘာလူဟာလီ ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ မိုဟာမက်ဂျူဟာရ်ကလည်း နိုင်ငံသားပေးမှုဆိုင်ရာ ကိစ္စတွေမှာ ဘာမှပြောင်းလဲလာတာမရှိတဲ့အပြင် ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် လုံခြုံရေးအတွက်လည်း စိုးရိမ်လို့ မပြန်ကြတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာစခန်းတွေ ဘယ်စခန်းမှတော့ တားဆီးတာတော့ လုံးဝမရှိပါဘူး၊ ကျွန်တော်တို့ ရိုဟင်ဂျာတွေဆိုတော့ ကျွန်တော်တို့ ဘာမှပြောင်းလဲပေးတာ မတွေ့ရဘူးမို့ ကျွန်တော်တို့ မပြန်တာပါ၊ အဲဒီမှာတော့ အခု AA နဲ့ အစိုးရနဲ့ တိုက်ပွဲက ပိုသာများလာတာပဲရှိပါတယ်၊ နည်းလာတာတော့ မရှိဘူး၊ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ နိုင်ငံသားဖြစ်မှုဆိုင်ရာက ဘာမှအပြောင်းအလဲ ဖြစ်လာတာမရှိဘူး၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မသွားတာပါ၊ လုံခြုံရေးကိစ္စလည်း တစ်ချက်စိုးရိမ်စရာရှိပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မသွားတာပါ၊ ဘင်္ဂလားဒေ့ရှ် အစိုးရကနေလာပြီးတော့ တစ်အိမ်တက်တစ်အိမ်ဆင်း ပြောခဲ့တာက မိမိသဘောဆန္ဒနဲ့ သွားမယ်ဆိုရတယ်၊ လွယ်လွယ်ကူကူနဲ့ ကျွန်တော်တို့ ပို့ပေးပါမယ်၊ မသွားဘူးဆိုလို့ရှိရင်လည်းပဲ ကျွန်တော်တို့ စာရင်းကို မကောက်ဘူး၊ စိုးရိမ်စရမရှိဘူး ဒါပဲ ကျွန်တော်တို့ကို လာပြောတာရှိပါတယ်"

ဒုက္ခသည်တွေနေရပ်ပြန်ဖို့ အတားအဆီးဖြစ်နေတာဟာ စခန်းတာဝန်ရှိသူတွေ တားဆီးတာနဲ့ ARSA လို အကြမ်းဖက် အဖွဲ့အစည်းတွေက တားဆီးပိတ်ပင်တယ်ဆိုတာ မဟုတ်ဘူးလို့လည်း ပြောလို့မရသလို ဟုတ်တယ်လို့လည်းပြောဖို့က လက်တွေ့ဆန်းစစ်ပြီး အဖြေရှာဖို့လိုတယ်လို့ ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးအေးလွင်က ပြောပါတယ်။

"ဒီအချက်အလက်တွေကို ကျွန်တော်တို့က တစ်ခုမှမဟုတ်ဘူးလို့လည်း ပြောလို့မရဘူး၊ ဟုတ်တယ်လို့လည်း ပြောဖို့က တကယ်လက်တွေ့ဆန်းစစ်နိုင်ဖို့ Verification ခေါ်တာပေါ့နော်၊ ကဲဒီအချက်အလက်တွေဟာ ဟုတ် မဟုတ်ဆိုတာပေါ့၊ ဟုတ်ရင်လည်း ဟုတ်တဲ့အတိုင်း ကျွန်တော်တို့ အဖြေရှာရမယ်၊ မဟုတ်ဘူးဆိုရင်လည်း ဘာအကြောင်းရှိလဲ ဒါတွေကို ဆန်းစစ်ရမှာပေါ့၊ သတင်းတွေကတော့ အမျိုးမျိုးထွက်နေတာတော့ အမှန်ပါပဲ၊ သို့သော်လည်းပဲ အဖျတ်အမှောက်တွေက နှစ်ဖက်စလုံးမှာ ရှိတယ်ဆိုတာတော့ တော်တော်လေးကို ယုံမှားသံသယမလိုပဲနဲ့ ရှိနေပါတယ်၊ သို့သော်ဒီအကြောင်း အချက်တစ်ခုတည်းကြောင့်ပဲလား ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့အိမ်ကို သူတို့ပြန်တဲ့အခါမှာ သူတို့ရဲ့ နိုင်ငံသားအဆင့် အဆင့်တွေလျှော့ချခြင်းခံရမျာကို ကြောက်လို့ရော ပါသလား၊ ဒါတွေကိုရော သတင်းတွေက ထွက်နေတာတွေ ဟုတ်မ ဟုတ်ဆိုတာလေးကို ဆန်းစစ်ဖို့တော့လိုပါလိ့မ်မယ်"

ဒါ့အပြင် ဒုက္ခသည်တွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကိစ္စမှာ အထောက်အထားရှိပါလျက်နဲ့ NVC လို့ခေါ်တဲ့ နိုင်ငံသား စိစစ်မှုသက်သေခံကတ်ပြား ယူရမယ့်ကိစ္စ၊ NVC ယူပြီးတော့လည်း (နိုင်)မရဘဲ (ပြု) ပဲ ရမယ်ဆိုတဲ့ သတင်းတွေရှိလို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတိုင်း အခွင့်အရေးတွေကို တိတိကျကျပေးမယ်ဆိုတာ သေချာရှင်းပြနိုင်ရင်တော့ ယုံကြည်ချက်ရလာမှာဖြစ်တယ်လို့ ဦးအေးလွင်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရသူ ၇ သိန်းခွဲရှိတယ်လို့ ကုလသမဂ္ဂကပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေ ပထမအကြိမ် နေရပ်ပြန်ရေး မအောင်မြင်ခဲ့သလို၊ နှစ်နိုင်ငံ သဘောတူညီမှုစာချုပ်ထပ်မံချုပ်ဆိုပြီး သြဂုတ်လ ၂၂ ရက်နေ့က ဒုတိယအကြိမ်ပြန်လည် လက်ခံဖို့စောင့်ဆိုင်းခဲ့ပေမယ့်လည်း ဒီနေ့အထိ တစ်ယောက်မှ ပြန်လာတာ မရှိသေးပါဘူး။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။